By Narinjara/ 2022 January 26
ချစ်အိလှိုင်
(ဓာတ်ပုံ- မာရယုနှင့် တစ်ခြားမူလပိုင်ရှင်)
ယနေ့နံနက် ၆ နာရီခွဲခန့် က ကောင်းကင်ပေါ်မှ ကြီးမားသော ပေါက်ကွဲသံနှင့် အတူ အမျိုးအမည်မသိ မီးတောက်အလင်းတန်းတစ်ခုသည် ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်တောင်ဘက် ပင်လယ်ထဲကို ထိုးကျသွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
၎င်းမီးတောက်အလင်းတန်း ပင်လယ်ထဲ ထိုးကျပြီးနောက်ကောင်ကင်ပေါ်တွင် မီးခိုးငွေ့တန်းများ အဖြစ်ကျန်ရစ်သည်ကို မြင်ခဲ့ရသည်ဟု ဆိုသည်။
၎င်းမီးတောက်အလင်းတန်းမှာ မာန်အောင်မြို့နယ်၊ ရဲကျွန်းအနီး ပင်လယ်ထဲသို့ ထိုးဆင်းသွားခြင်း ဖြစ်ကြောင်း မာန်အောင်မြို့နယ် အများပိုင်ကုမ္ပဏီ အထွေထွေမန်နေးဂျင်းဒါရိုက်တာ ကိုထွန်းလှိုင်က ပြောသည်။
“ မီးခိုးတန်းကြီးလိုမျိုးပါ။ ဒါပေမယ့် ဖြောင့်ဖြောင့်ဆင်းလာတာမဟုတ်ပဲ ကွေ့ကောက်ပြီး ဆင်းလာတာပါ။ ပင်လယ်ထဲကို ထိုးကျသွားပါတယ်” ဟုပြောသည်။
၎င်းမီးတောက်ကြီးအား တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်းမှလည်း မြင်လိုက်ရကြောင်း၊ ကျယ်လောင်သော အသံကိုလည်း ကြားခဲ့ရကြောင်း တောင်ကုတ်မြို့နယ်မှ ဒေသခံများကလည် နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
တောင်ကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်နိုင်က “ ဟုတ်ပါတယ်။ တောင်ကုတ်မြို့ပန်းတင်ကျွန်းနဲ့ ငါးမိုင်အကွာလောက်က လို မြင်လိုက်ကြတယ်လို့ဆိုတယ်။ အတိအကျကို စုံစမ်းနေပါတယ်” ဟုပြောသည်။
အဆိုပါ မီးတောက် ကောင်းကင်ပေါ်မှ ပင်လယ်ထဲကျဆင်းသွားသည်ကို တောင်ကုတ်၊ သံတွဲ၊ မာန်အောင်မြို့နယ်က လူများပါ မြင်တွေ့ခဲ့ရသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5147735371905165