By Development Media Group (DMG)/ 2022 January 25
ရက္ခိုင့်တပ်တော်(AA)အတွက် စစ်ကောင်စီထံမှ ခွဲတမ်းရရှိထားသည့် ကိုဗစ်ကာကွယ်ဆေးများကို ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်(၅)ခုမှပြည်သူများကို အဓိကဦးစားပေးပြီး ထိုးနှံပေးနေသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များရှိ ပြည်သူများကို အဓိကဦးစားပေးထိုးနှံပေးလျက်ရှိကာ လက်ရှိအချိန်အထိ လူဦးရေ ၅၀၀၀ ကျော်ထိုးနှံပြီးပေးထားပြီး ယင်းအထဲတွင် AA တပ်ဖွဲ့ဝင် အနည်းငယ်ပါဝင်သည်ဟု ၎င်းကဆက်ပြောသည်။
“ပြည်သူတွေကို အဓိကထားပြီးထိုးပေးနေတာဖြစ်တယ်။ အဲဒီမှာ ပြည်သူတွေ သွားရေးလာရေးလွယ်ကူမယ့်နေရာတွေမှာ စုရပ်အဖြစ်သတ်မှတ်ပြီးတော့ ထိုးပေးနေတာဖြစ်ပါတယ်။ အဲဒီစုရပ်နဲ့နီးတဲ့နေရာမှာရှိတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေလည်း လာရောက်ပြီး ထိုးနေကြတာလည်းရှိပါတယ်။ ဒါပေမယ့် အဲဒါကတော့ အရေအတွက်အားဖြင့်ပြောရရင်တော့ ဒါဟာတော်တော်လေးနည်းတဲ့ အရေအတွက်လို့ပြောလို့ရတာပေါ့။ အဓိကတော့ ပြည်သူတွေကို ထိုးပေးနေတာပါ” ဟု ဦးခိုင်သုခကဆိုသည်။
စစ်ကောင်စီနှင့် ကြိုတင်ညှိနှိုင်းသဘောတူညီချက်အရ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်ကြောင်း AA ထံမှ သိရသည်။
“ဘာကြောင့် (ကာကွယ်ဆေးထိုးတာ)လဲဆိုရင် ဒီဟာကတော့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါရေးကာကွယ်ရေး လှုပ်ရှားမှုဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ဘက်ကလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးအုပ်စု ၁၆ ခုထဲမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အုပ်စုတွင် ရက္ခိုင့်တပ်တော်(AA)ပါဝင်ကြောင်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2210376895781376