ကညင်ချောင်စီးပွါးရေးဇုန်အသုံးပြုခ ကုန်သည်များထံမှ အခွန်စတင်ကောက်ခံ

By Development Media Group (DMG)/ 2022 January 25

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကညင်ချောင်စီးပွားရေးဇုန်တွင် ကုန်သည်များထံမှ အခွန်စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

လမ်းအသုံးပြုခ၊ ယာဉ်ရပ်နားခ၊ ညအိပ်ခ၊ မီလ္လာသန့်ရှင်းရေးခ၊ လျှပ်စစ်မီးသုံးစွဲခ၊ ရေအသုံးပြုခ၊ ပစ္စည်းစုပုံခ၊ သိုလှောင်ရုံခ၊

ရေယာဉ်ဆိုက်ကပ်ခ၊ ဆိပ်ခံတံတားအသုံးပြုခ၊ အမှိုက်သိမ်းခ၊ မြစ်ချောင်းထိမ်းသိန်းခ စသည်ဖြင့်ခေါင်းစဉ် ၁၂ ဖြင့် အခွန်ကောက်ခံနေခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“မနေ့ကနေ စကောက်နေတာ။ ကုန်တစ်တန်ကို (၃၀၀၀)ကျပ်နှုန်းနဲ့ကောက်နေတာပါ။ ကျနော်တို့အသုံးမပြုတဲ့ ကုန်သိုလှောင်ခတို့၊ လျှပ်စစ်မီးခ၊ မီလ္လာသန့်ရှင်းရေးခတွေပါ ပါနေတယ်”ဟု ကုန်သည်တစ်ဦးဖြစ်သည့် မာမတ်အိစ္စမိုင်ကပြောသည်။

ကညင်ချောင်စီးပွါးဇုန်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “ပြည်နယ်အစိုးရကိုယ်စား ခရိုင်အစိုးရကစီမံပြီး ကောက်ခံတာဖြစ်တယ်။ ဇုန်အထွေထွေဝန်ဆောင်ခကို ကုန်တစ်တန်ကို ၂ ရာခိုင်နှုန်းယူမယ့်အစား စျေးနှုန်းကိုလျော့ချပြီး ကုန်တစ်တန်ကို (၃၀၀၀)ကျပ်နဲ့ကောက်ယူနေတာလို့သိရတယ်”ဟု ပြောသည်။

ယင်းသို့ကောက်ခံမှုကြောင့် မောင်တောကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုကျဆင်းသွားနိုင်ကြောင်း မာမတ်အိစ္စမိုင်ကပြောသည်။

“ဒီလိုသာဆို နောက်ပိုင်းမှာ မောင်တောဖက်က ကုန်သွယ်မှုကျဆင်းသွားမှာပါ။ စစ်တွေတို့၊ တောင်ကုတ်တို့ကဆို ခရီးစရိတ်ပါသက်သာတယ်”ဟု ၎င်းကဆိုသည်။

ကညင်ချောင်းစီးပွားရေးဇုန်ကို ရောင်းသူစျေးကွက်ဖော်ဆောင်နိုင်ရန်နှင့်ကုန်သွယ်မှုတိုးမြှင့်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဇုန်တည်ဆောက်ရာတွင် အစိုးရမှငွေကျပ်သိန်းပေါင်း ၂၅၀၀၀(နှစ်သောင်းခွဲ)နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ်သိန်းပေါင်း ၁၃၄၀၀(တစ်သောင်းသုံးထောင့်လေးရာ)၊ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈၄၀၀ (သုံးသောင်းရှစ်ထောင့်လေးရာ)ဖြင့် မြေဧက ၅၀ ခန့်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2210327579119641

Leave a Reply

Your email address will not be published.