By Development Media Group (DMG)/ 2021 December 11
(ဆောင်းပါး)
ဆောင်းပါး အနှစ်ချုပ်
(ဤဆောင်းပါးတွင် စစ်ကောင်စီလက်အောက်ခံ UEC က လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ် အကြောင်း၊ ယခင်ကကျင့်သုံးခဲ့သည့် FPTP စနစ်နှင့် PR စနစ်၏ကွာခြားချက်၊ PR ၏ အားနည်းချက်၊ အားသာချက်၊ အရှုပ်အထွေး၊ UEC ၏ လုပ်ပိုင်ခွင့်၊ မည်သူတို့ အကျိုးအမြတ်အတွက် PR စနစ် ကျင့်သုံးမလဲ စသည့်အကြောင်းအရာများကို သုံးသပ်ရေးသားထားပါသည်။)
နိဒါန်း
၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိသည်ဟုဆိုကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ရွေးကောက်ပွဲကို PR စနစ်ကျင့်သုံးနိုင်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ UEC က စီစဉ်နေသည်။ ထို့ကြောင့် UEC အသစ်ကကျင့်သုံးမည့် PR ရွေးကောက်ပွဲစနစ်ဆိုသည်မှာ ဘယ်လိုမျိုးလည်းဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထိ အထွေထွေရွေးကောက်ပွဲကြီး သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုရွေးကောက်ပွဲစနစ်မှာ အများစုကိုယ်စားပြုစနစ်(Plurality Majority System)ဖြင့် အနိုင်ရသူအကုန်ယူစနစ် (Frirst Past the Post-FPTP)စနစ်အား ကျင့်သုံးခဲ့သည်ကိုတွေ့ရသည်။ ယခုတစ်ခါ FPTP စနစ်ကို ပယ်ဖျက်ပြီး မြန်မာပြည်သူတို့ တစ်ခါမှထိတွေ့မှုမရှိသေးသည့် PR စနစ်ကိုအသက်သွင်းရန် စစ်ကောင်စီက ကြိုးစားလာနေခြင်းမှာ ဘာကြောင့်လဲဟု မေးခွန်းထုတ်စရာရှိလာသည်။
PR စနစ်ဆိုတာ ဘာလဲ
PR စနစ်ဆိုသည်မှာ အချိုးကျကိုယ်စားပြုစနစ်(Proportional Representation-PR System)ဟု ခေါ်သည်။ PR စနစ်တွင် ရှုပ်ထွေးလှသည် စနစ်အမျိုးမျိုးရှိသည့်အနက် ဤဆောင်းပါးတွင် ၃ မျိုးကိုဖော်ပြကာ တစ်မျိုးတည်းအကြောင်းကို လေ့လာသွားမည်ဖြစ်သည်။
(၁) ပါတီအလိုက် အမည်စာရင်းကိုရွေးချယ်သောစနစ် (List Proportional Representation)၊ (၂) ပေါင်းစပ်ထားသော အချိုးကျရွေးချယ်သည့်စနစ် (Mix Member Proportional System)နှင့် (၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲစနစ် (Single Transferable Vote System)တို့ ဖြစ်ကြသည်။
ယင်းစနစ် ၃ ခုထဲမှ UEC တာဝန်ရှိသူတို့က ဖြစ်နိုင်ခြေများကြောင်းပြောဆိုထားသည့် ပါတီအလိုက် အမည်စာရင်းကိုရွေးချယ်သောစနစ် (List Proportional Representation)ကို လေ့လာကြည့်မည်ဖြစ်သည်။
ဤစနစ်မှာ ပါတီကိုသာ မဲပေးရွေးချယ်ခြင်းဖြစ်သလို PR စနစ်များထဲတွင် အသုံးအများဆုံး စနစ်လည်းဖြစ်သည်။ ပါတီများသည် မဲဆန္ဒနယ်မြေတစ်ခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စားရင်းကို တင်သွင်းစရာမလိုဘဲ ကိုယ်စားလှယ်အဖြစ်လျာထားသူများကိုသာ အမည်စာရင်း ထုတ်ပြန်ပေးရသည်။
မဲဆန္ဒရှင်များက မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမျိုးမဟုတ်ဘဲ ပါတီ၏ မူဝါဒနှင့် ပါတီကလျာထားသည့် ကိုယ်စားလှယ်စာရင်းကိုကြည့်၍ ပါတီကိုသာ မဲပေးရခြင်းဖြစ်သည်။
နိုင်သူအကုန်ယူစနစ်(FPTP) နှင့် PR စနစ်တို့၏ အခြေခံသဘောတရား
ယခင်ရွေးကောက်ပွဲများတွင်ကျင့်သုံးခဲ့သည့် FPTP(နိုင်သူအကုန်ယူစနစ်)တွင် ယေဘုယျအားဖြင့် တစ်မဲသာလျှင် အနိုင်ရသည်။ ဥပမာ-ပါတီတစ်ခုကဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ဖြစ် တစ်ယောက်က မဲ ၁၀၀၊ နောက်တစ်ယောက်က ၁၀၁ မဲဆိုပါက ၁၀၁ မဲရရှိသူက နိုင်သည့်စနစ်ဖြစ်သည်။
ရိုးရိုးရှင်းရှင်းဥပမာပြောရလျှင် မဲဆန္ဒနယ်တစ်ခုတွင် (A)နှင့် (B)ပါတီနှစ်ခု၌ (B)ကိုထောက်ခံသည့် မဲ ၁၀၀ ဖြစ်ပြီး (A)က ၁၀၁ မဲနှင့်အနိုင်ရသည်။ ထို့ကြောင့် (B)ကိုထောက်ခံခဲ့သည့် မဲ ၁၀၀ မှာ အသုံးမဝင်တော့ပေ။ ထို့အတွက် မဲအလဟသဆုံးရှုံးသည်ဟုဆိုကာ PR စနစ်ကိုကျင့်သုံးရန် ပြင်ဆင်လာခြင်းဖြစ်သည်ကို တွေ့ရမည်။
PR စနစ်မှာတော့ အခြားပါတီ (သို့မဟုတ်) လူပုဂ္ဂိုလ်ကို ထောက်ခံသည့်သူတွေကိုလည်း ယူရမည်ဖြစ်သည်။
FPTP ကတော့ တစ်မြို့နယ်တည်းမှာနိုင်သူယူရပြီး PR ကတော့ အခြားပါတီများကို ထောက်ခံသော မဲပြားများလည်း ရာခိုင်နှုန်းအလိုက် ခွဲယူ၍ရသည်။
ရွေးကောက်ပွဲပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီအလိုက်ရရှိသော လူထုထောက်ခံမှု မဲအရေအတွက်ပေါ်မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးရခြင်းပင် ဖြစ်သည်။
ဥပမာအနေဖြင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်ကို မဲဆန္ဒနယ်တစ်ခုအဖြစ် UEC က သတ်မှတ်ပေးမည်။ ထိုအထဲမှ ၁၇ မြို့နယ်က ရောက်လာသည့်မဲများကို ပြည်နယ်အချုပ်ပေါင်းရသည်။ တပြည်နယ်လုံးက (A)ပါတီ၊ (B)ပါတီ (C)ပါတီ၊ (D)ပါတီ စသည့်မဲများကိုပေါင်းပြီ အချိုးကျရွေးချယ်ခြင်းဖြစ်သည်။
ဥပမာ- (A)ပါတီကိုထောက်ခံသူက ရခိုင်တပြည်နယ်လုံးမှာ တစ်သိန်း၊ (B)ပါတီကိုထောက်ခံသူက ငါးသောင်း၊ (C)ပါတီက နှစ်သောင်း အသီးသီးရှိလာမည်။ ၎င်းမဲပြားအရေအတွက်တို့ကို အချိုးချမည်ဖြစ်သည်။
၁၇ မြို့နယ်အလိုက် ရာခိုင်နှုန်းအများရသည့် တစ်သိန်းဆိုလျှင် ပါတီကကိုယ်စားလှယ် ၁၀ ယောက်၊ နောက်ထောက်ခံသူ ငါးသောင်းဆိုလျှင် ထိုပါတီက ၅ ယောက်၊ ၂ ယောက် စသည်ဖြင့် ကိုယ်စားလှယ်နေရာ ဖြစ်သွားမည်။
အဓိကထောက်ခံမဲများကို အားလုံးအချိုးချလိုက်သည့်အခါ အချိုးအတိုင်း ကိုယ်စားလှယ် ၁၇ ယောက်ရွေးမည်။ ထိုအထဲတွင် တဘက်ပါတီများကို ထောက်ခံသည့်မဲများလည်း အကျုံးဝင်သွားမည်ဖြစ်သည်။
သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှာ အားလုံးထောက်ခံထားသည့် ပါတီများကိုပေါင်းကာ ဥပမာ-ပြည်သူ့ကိုယ်စားလှယ် ၁၇ ယောက်၊ ပြည်နယ် ၃၄ ယောက် စသည်တို့ကိုအချိုးချပြီး (A)၊ (B)၊ (C)ပါတီ ဘယ်နှစ်ယောက်ရမည်ကို ခွဲဝေယူကြရသည်။
PR စနစ်ကို ဘာကြောင့်လုပ်ချင်တာလဲ
ဤအချက်တွင် စစ်ကောင်စီနှင့် UEC တို့ဘက်က အခြားပါတီကိုထောက်ခံသည့်မဲများမှာ တစ်မဲအလျှော့နှင့် ရှုံးသွားခြင်းမျိုးမဖြစ်စေချင်သည်ကို တွေ့ရမည်။ ဥပမာ- ရခိုင်ပြည်မှာ အများအားဖြင့် NLD နှင့် ANP ရှိနေမည်။
ထိုမဲများကို တစ်မြို့နယ်အလိုက် အဆုံးအဖြတ်ပေးနေသည့်စနစ်အတိုင်းသွားလျှင် ANP မဟုတ်လျှင် NLD နိုင်မှာဖြစ်ပြီး တစ်ခြား USDP၊ AFP၊ ALD မဲများ ပျောက်နေမည်ဖြစ်သည်။ ယခုလို PR စနစ်အရ အချိုးချလိုက်မည်ဆိုလျှင် တခြားရှုံးသည့်ပါတီများဘက်ကလည်း တစ်ယောက်စ၊ နှစ်ယောက်စပါလာမည်။
ဥပမာ- ရခိုင် ၁၇ မြို့နယ်ဆိုလျှင် (ANP)က ၇ နေရာ၊ (NLD)က ၅ နေရာ၊ (AFP)၊ (USDP) စသောပါတီများ ကလည်း ၃ နေရာ၊ ၂ နေရာ စသည်ဖြင့် ပါဝင်လာမည်ဖြစ်သည်။ တစ်မြို့နယ်အလိုက်ပြိုင်သည့်အခါ လုံးဝမနိုင်ခဲ့သည့်ပါတီများကလည်း အားလုံးအချိုးချသည့်အခါမှာ ဝင်ပါလာ၍ရမည်ဖြစ်သည်။
ဆက်စပ်ပြီး နိုင်ငံအတိုင်းအတာနှင့်ဆိုလျှင် (NLD)နဲ့ (USDP) ပြိုင်သည့်၏အခါမှာလည်း အချိုးအတိုင်း ချလိုက်လျှင် USDP လည်းပါဝင်လာရမည်ပင်။ ဥပမာ- (NLD)တစ်သိန်းဆိုရင် (USDP)က ငါးသောင်းပါမည်။ (NLD)ထောက်ခံမဲ၊ (USDP)ထောက်ခံမဲအားလုံးပေါင်းပြီး အချိုးချတော့ တစ်နိုင်ငံလုံးဆိုပါက USDP လည်း နေရာရလာမည်ဖြစ်ကာ ဤစနစ်တွင် အပြတ်အသတ်ရှုံးခြင်းမရှိဘဲ အနည်းအကျဉ်းရနိုင်ကြသည့်စနစ် ဖြစ်နေသည်။
PR စနစ်တွင် မည်သူတို့အားနည်းပြီး မည်သူတို့အားသာသလဲ
ယင်းကြောင့် ရွေးကောက်ပွဲတွင်ရှုံးနိမ့်နိုင်ခြေများသည့် နိုင်ငံရေးပါတီများ၊ ပါတီငယ်များကလည်း PR စနစ်အပေါ် ကြိုက်နှစ်သက်သည်ကို တွေ့မြင်နိုင်မည်။
တနိုင်ငံလုံးအတိုင်းအတာအရ (NLD)နှင့် (USDP)တို့ အချိုးချလိုက်လျှင် (NLD)က နှစ်ပုံရလျှင် (USDP)က တစ်ပုံရမည်မှာ သေချာနေသည်။ တစ်နိုင်ငံလုံး အပြတ်အနိုင်ရသည်ဆိုသည်မှာ မရှိတော့ပေ။
ယင်းစနစ်မှာ တဖက်ကကြည့်ရင် မျှတနေသည်။ သို့သော်လည်း အခြားတဖက်က အစိုးရဖွဲ့သည့်အခါမှာ အင်အားလျော့သွားမည်ကို တွေ့နိုင်သည်။
အစိုးရဖွဲ့သည့်အခါ အကျိုးသက်ရောက်မှု
အစိုးရတစ်ရပ်ဖွဲ့မည်ဆိုလျှင် ဥပမာ-လွှတ်တော်ကိုယ်စားလှယ် ၆၆၄ မဲမှာ ပြည်ထောင်စုလွှတ်တော် ၃၉၀ မဲလောက် ပါဝင်နိုင်ရမည်။ ရှင်းရှင်းဆိုလျှင် မဲတဝက်ကျော်ရရမည်ဆိုသည့် သဘောဖြစ်ပေသည်။
ယင်းသို့အစိုးရဖွဲ့သည့်အခါ ယခုအချိုးကျစနစ်ဖြစ်သည့်အတွက် NLD က ၃၉၀ လောက်မဲရလျှင်လည်း USDP ကို ဖဲ့ပေးရမည်။ အချိုးကျဆိုသည့်အတွက် အနည်းဆုံး ၁၀၀၊ ၂၀၀ ဖဲ့ပေးရမည်မှာ တရားဝင်ရပြီးသား ဖြစ်နေသည်။
ထိုအချက်တွင် NLD က သီးသန့်အားကောင်းသော အစိုးရမဖွဲ့နိုင်တော့ပေ။ ဆိုလိုသည်မှာ အားလုံးပေါင်း ၁၀၀ ရာခိုင်နှုန်းတွင် ၇၅ ရာခိုင်နှုန်းပဲရှိနေပြီး ယင်းအထဲက ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျှောက် ယူထားပြီးသားရှိနေသည်။ ထိုအချက်မှာ အဓိကအရေးကြီးဆုံးဖြစ်နေသလို ၇၅ ရာခိုင်နှုန်းကိုကျော်ရန် မလွယ်ကူတော့ပေ။ USDP ကလည်း အလိုအလျှောက် ပါဝင်နေပြီးသားဖြစ်နေမည်။
ယင်းကြောင့် PR စနစ်မှာ အင်အားကြီးသော အစိုးရတစ်ရပ်မဖြစ်လာတော့ပဲ ညွန့်ပေါင်းအစိုးရဖြစ်လာမည်မှာ မုချမလွဲတော့ပေ။ ညွန့်ပေါင်းအစိုးရကို စစ်တပ်ကလိုလားနေသလို ကြံ့ခိုင်ရေးပါတီ(USDP)ကလည်း နှစ်သက်ပုံပေါ်သည်။ လိုလားရခြင်းမှာလည်း အင်အားပြည့်အစိုးရအဖွဲ့နှင့် သွားခဲ့သည့်အခါတွင် စစ်တပ်က လုပ်ချင်ရာလုပ်ဖို့မလွယ်ကူသလို အကျပ်တွေ့နေရသည်။
PR နှင့် စစ်တပ်၏ အားသာချက်
ဤအချက်တွင် ပြည်သူ့၊ အမျိုးသား၊ ပြည်နယ် စသည့်လွှတ်တော်အသီးသီး၌ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုလိုထိုင်ခွင့်ရနေသည်မှာ အားသာချက်များစွာရှိနေသည်။ ယခု PR စနစ်တွင် မည်သည့် PR ပင်လာလာ စစ်တပ်နှင့် အနိုင်ရပါတီကိုယ်စားများပူးပေါင်းမှာသာ အစိုးရဖွဲ့နိုင်မည်မှာ သေချာနေသည်။
ဆိုလိုသည်မှာ ဟိုဘက်ကြံ့ခိုင်ရေးမှာ ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက်မဲရရုံဖြင့် စစ်တပ်က ပေါင်းလိုက်လျှင် ညွန့်ပေါင်းအစိုးရဖြစ်နေပြီးသားကို မြင်တွေ့နိုင်သည်။ NLD အနေဖြင့်လည်း တကွက်ကျော်နိုင်မည်မှာ မလွယ်တော့သလို စစ်တပ်နဲ့ ပေါင်းကိုပေါင်းရမည့်ကိန်း ရှိနေတော့သည်။
နောက်ဆုံးမှာ စစ်တပ်၏ သြဇာအရှိန်အဝါက အလိုအလျှောက် ပိုပြီးမြင့်သွားနေခြင်းကို သတိပြုသင့်သည်။
ထို့အတူ တဖက်မှာလည်း အင်အားနည်းသည့်ပါတီငယ်များက PR စနစ်ကိုလိုသည်မှာ စစ်တပ်နှင့် တဖက်တည်းကျနေသည်။ ထို့ကြောင့် စစ်တပ်၏ မဟာဗျူဟာကွက်နှင့် ရွေးကောက်ပွဲအသစ်က အံဝင်ဂွင်ကျ ဖြစ်နေသည့်အတွက် ယင်း PR စနစ်ကို အသက်သွင်းနေခြင်းဟု ပြောဆိုနိုင်သည်။
PR စနစ်ဟာ စစ်အာရှင်စနစ်ရှည်ဖို့အတွက် အကျိုးပြု
လက်ရှိတွင် ရွေးကောက်ပွဲများ၌ NLD က မဲအပြတ်အသတ်ဖြင့်(တိုင်းရင်းသားဒေသများမှလွဲ၍) တစ်နိုင်ငံလုံး အားကောင်းနေသည်ကို စစ်တပ်ဘက်က မမြင်ချင်သည့်သဘောဟုလည်း ယူဆနိုင်သည်။ အပြတ်အသတ် အင်အားကြီးသည့်ပါတီတရပ် လွှတ်တော်ထဲတွင်ရှိနေသည်ကို စစ်တပ်က မနှိုက်မြို့ပေ။ အကြောင်းမှာ ဥပဒေပြုရေးတွင် ခက်ခဲစေသလို နောက်တစ်ချက်အနေဖြင့် သာမန်မဟာမိတ်ပါတီများဖြင့် စစ်တပ်နှင့် ပူးပေါင်းလျှင် အစိုးရဖြစ်နိုင်သည်ကို မြင်နေရသည်။
အကယ်၍ ကြံ့ခိုင်ရေးနှင့် သူ၏နောက်ခံမဟာမိတ်ပါတီငယ် ၂၀ ကျော်ရှိနေသည်နှင့် ပေါင်းလိုက်လျှင် စစ်တပ်က အလိုအလျှောက်အစိုးရဖြစ်လို့ရနေသည်ကို ကောင်းကောင်းနားလည်ထားပုံပေါ်သည်။
ယင်းကြောင့် စစ်တပ်က PR စနစ်ကိုနှစ်သက်နေသည့် အကြောင်းအရင်းနှစ်ခုကို တွေ့နိုင်သည်။ ပထအချက်မှာ လွှတ်တော်ထဲတွင် ဥပဒေပြုသည့်အခါ အင်အားလျှော့နည်းပြီး လုပ်ရကိုင်ရလွယ်ကူခြင်းနှင့် ဒုတိယအချက်မှာ ပါတီများအနေဖြင့် စစ်တပ်နှင့်ပူးပေါင်းပြီး အစိုးရဖွဲ့ရမည်ဖြစ်သည်။ ယင်းကြောင့် PR စနစ်က စစ်အာဏာရှင်စနစ် ရေရှည်ဖို့အတွက် အကျိုးပြုသည်ဟုပြောဆိုနိုင်သည်။
PR စနစ်က ပါတီတွင်းပြဿနာ
ယခုစနစ်တွင် ကိုယ်စားလှယ်နာမည်ပျောက်နေသလို ဖော်ပြစရာလည်း မလိုအပ်ပေ။ ပါတီအတွင်း ကိုယ်စားလှယ်စာရင်းထားရခြင်းသာဖြစ်သည်။ ဥပမာ- ပြည်သူ့လွှတ်တော်အတွက် ၁၇ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၁၂ ယောက်၊ ပြည်နယ်အတွက် ၃၄ ယောက် စသည်ဖြင့် ပါတီထဲတွင် နာမည်အလိုက် ရွေးထားရမည်ဖြစ်သည်။
ပါတီကရလာသည့် မဲ၊ ဥပမာ-ပြည်သူ့လွှတ်တော်မှာ ၁၀ နေရာရမည်ဆိုလျှင် ထို ၁၇ ယောက်ထဲက ၁၀ ယောက်ကို ရွေးထုတ်ရသည်။ နဂိုကတည်းက ပါတီထဲကရွေးချယ်ထားသည့် လူများထဲမှ ရွေးထုတ်ရတော့မည်ပင်။ ဘယ်မြို့နယ်ကအမတ်က ဘယ်သူဖြစ်ခြင်းမလိုတော့သလို ဘယ်သူကတော့ ဘယ်မြို့နယ်မှာ ထောက်ခံမှုများတယ်ဆိုသည်မှာလည်း မရှိတော့ပေ။
ထိုအခါ ပါတီထဲက အမတ်လောင်းနာမည်များကို စီးရီးအလိုက်ဦးစားပေးကာ မည်သူဖြစ်ကြောင်းကို စီစဉ်ထားရသည်။ ယင်းအထဲက ၁၇ နေရာမှ ၁၀ နေရာရခဲ့မည်ဆိုလျှင် ၇ ယောက်က ချန်ထားခဲ့မည်ဖြစ်သည်။ ထိုအချက်မှာ အောက်မှာလျာထားသည့် အမတ်လောင်းများနှင့် အပေါ်နာမည်ရှိအမတ်လောင်းများ အချင်းချင်း စိတ်ဝမ်းကွဲစေသည်။
အဓိက ၁၇ ယောက်လုံးပါဖို့ဆိုတာ မရှိတော့ပေ။ ယခင်ကလို မြို့နယ်တမြို့နယ်မှာ ကိုယ်ရှုံးသွားလျှင် ပြဿနာမရှိပေ။ လက်ရှိ ပါတီထဲမှာကျတော့ နံပါတ်(၁)ဘယ်သူ၊ နံပါတ်(၂)ဘယ်သူ။ ဘာကြောင့်ဆိုတာက ပြဿနာရှိနေခြင်းမျိုးပင်ဖြစ်သည်။ သူကကိုယ့်ထက် ဘယ်လောက်အရည်အချင်းရှိလို့လဲ အစခပ်သိမ်း ပါတီအတွင်း စိတ်ဝမ်းကွဲမှု ပြဿနာဖြစ်နေပေမည်။
ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု နည်းပါးခြင်းဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေမရှိ၊ ပြည်သူတို့၏ အခက်အခဲ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန်ထက် ပါတီ၏ လျာထားစာရင်းတွင် ပါဝင်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်သွားကြသည်။
သတိထားရမည့် UEC ၏ လုပ်ပိုင်ခွင့်
PR စနစ်တွင် UEC ၏ လုပ်ပိုင်ခွင့်ထဲမှ အရေးကြီးဆုံးအချက်တခုမှာ မဲဆန္ဒနယ် သတ်မှတ်ခြင်းပင်ဖြစ်သည်။ ဥပမာ- ရခိုင်ပြည်ကို တောင်ပိုင်းမြောက်ပိုင်းခွဲကာ မဲဆန္ဒနယ်သတ်မှတ်၍ရသည်။ ဥပမာ- ယင်းသို့ခွဲလိုက်လျှင် တောင်ပိုင်းမှာ NLD အားကောင်းမည်။ မြောက်ပိုင်းမှာ ANP အားကောင်းမည်ဖြစ်သည်။ ထိုအခါ မြောက်ပိုင်းက NLD က ပိုပြီးတော့ အားကောင်းသည့် မဲများမရှိတော့ပေ။
ထို့အပြင် ထပ်ပြီးကော်မရှင်က လုပ်ပိုင်ခွင့်ရှိသေးသည်။ ဥပမာ- ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို မဲဆန္ဒနယ် တစ်ခုတည်းအဖြစ်လည်း သတ်မှတ်၍ရသေးသည်။ ထိုအခါ ချင်းမှာ အားလုံးက NLD ဖြစ်နေပြီး ရခိုင်က မပြိုင်နိုင်မှာသေချာနေသည်။ ချင်းပြည်နယ်အားလုံးက NLD သာ ဖြစ်ဖို့များသည်။ ရခိုင်ဘက်မှာကျတော့ ရခိုင်တစ်ခုတည်းမဟုတ်တော့ပဲ NLD ကလည်း ရသွားမည်။
ထိုအခါ ထောက်ခံမဲများအားလုံးကို ပေါင်းလိုက်သည့်အခါ ချင်းပြည်နယ်တွင် ရခိုင်က တစ်မဲမှရမှာမဟုတ်ဘဲ ပလက်ဝမှာ တစ်မဲ၊ နှစ်မဲသာရတော့မည်ဖြစ်သည့်အတွက် အချိုးချသည့်အခါ NLD များသွားမည်ဖြစ်သည်။
သို့မဟုတ် ရခိုင်နှင့်ဧရာဝတီကိုလည်း ပေါင်းနိုင်သည်။ UEC ဘက်က မဲဆန္ဒနယ်ကို ကြိုက်သလိုသတ်မှတ် နိုင်သည့်အတွက် သူတို့အားကြီးသည့်နေရာနှင့် အားနည်းသည့်နေရာကို ရောသမမွှေလိုက်လို့လည်းရနေသလို အားလုံးကို အင်အားပျော့သွားနိုင်သည်။
ကစားကွက် ကောင်းကောင်းရှိ
ရွေးကောက်ပွဲကော်မရှင်(UEC) ပေါင်းချင်ပေါင်း၊ ခွဲချင်ခွဲ စသည်ဖြင့် လုပ်ပိုင်ခွင့်စွာရှိနေသည်။ ယင်းကြောင့် PR စနစ်မှာ အလွန်တရာကစားလို့ကောင်းသည့် အနေအထားတွင်ရှိနေသည်။
UEC ဘက်ကနေ နိုင်ငံရေးကစားနိုင်သည်။ ဥပမာ (A)နှင့် (B)ပေါင်းလျှင် အကျိုးအမြတ် ဘာရမည်ဆိုသည်ကို တွက်ချက်ယူ၍ရသည့် သဘောတွင်ရှိနေသည်။
ထို့ကြောင့် PR မှာ အလွန်ရှုပ်ထွေးပြီး UEC ၏ လုပ်ပိုင်ခွင့်လည်းပိုများနေသည်။ PR ဒီဇိုင်းတွေလည်း အများကြီးရှိသေးပြီး။ UEC က ကြိုက်သည့် PR ဒီဇိုင်းကို ချပြ၍ရနိုင်သည့် သဘောရှိနေသည်။
ထို့အပြင် စစ်အာဏာရှင်က လွှတ်တော်ထဲမှာ ပိုပြီးတာရှည်အင်အားကြီးလာကာ အစိုးရဖွဲ့မှုကို ပိုပြီးတော့ အသာစီးပေးထားသည့် စနစ်တစ်ခုဖြစ်သည်။
မြန်မာနှင့် PR သမိုင်း
PR စနစ်ကိုကျင့်သုံးရန် လွန်ခဲ့သော ဦးသိန်းစိန်အစိုးရလက်ထက်က လွှတ်တော်ထဲတွင် ကြံ့ခိုင်ရေးအမတ်၊ (NLD)၊ (ANP)အပါအဝင် စစ်တပ်ကိုယ်စားလှယ်တို့က သူ့အမြင်ကိုယ့်အမြင်များအား အချေအတင် အကြိတ်အနယ် ဆွေးနွေးခဲ့ဖူးသည်။
သို့သော်လည်း PR စနစ်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မကိုက်ညီဟု ဆုံးဖြတ်ထားခဲ့ကြသည်။ ထို့ကြောင့် PR စနစ်ကိုမကျင့်သုံးဖို့ သမ္မတဦးသိန်းစိန်လက်ထက် ပြည်သူ့လွှတ်တော်ကနေ ဆုံးဖြတ်အတည်ပြု ပြီးသားဖြစ်နေသော်လည်း PR စနစ်အား လက်ရှိစစ်ကောင်စီက ပြန်လည်အသက်သွင်းလာခြင်းမှာလည်း စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အသုံးချခြင်းလည်းဖြစ်နိုင်သည်။
နိဂုံးချုပ်
ယခု PR သည် အရိုးရှင်းဆုံးနှင့် တချို့နိုင်ငံအများစုအသုံးပြုနေကြသည့် စနစ်တစ်ခုလည်းဖြစ်သည်။ တခြား PR စနစ်တွင် ယခုအကြောင်းအရာများထက် ရှုပ်ထွေးသည့် ဒီဇိုင်းများရှိသေးသည်။
အထက်ပါ PR အကြောင်းအရာများကို လေ့လာခြင်းအားဖြင့် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်မှာ အင်အားကြီးသည့်ပါတီက PR စနစ်ကိုမကြိုက်ပေ။ အင်အားနည်းသည့်ပါတီကတော့ PR စနစ်ကို လက်ခံနှစ်သက်သည်ကို တွေ့မြင်နိုင်မည်။ အားလုံးဘက်ကကြည့်လျှင် တရားမျှတသည်ဟုမြင်နိုင်သလို ယင်း၏အကျိုးအမြတ်ကို စစ်တပ်က အလိုအလျှောက်ရသွားမည်ပင်ဖြစ်သည်။
ယင်းအပြင် ဒီဇိုင်းအမျိုးကွဲများစွာရှိသော PR စနစ်တွင် မည်သည့် PR စနစ်ကို ကျင့်သုံးရမည်ဆိုသည်မှာ မဲဆန္ဒနယ်၊ ပါတီများ၏အခြေအနေတို့ကိုသုံးသပ်ကာ သင့်တော်သည့် PR ဒီဇိုင်းတစ်ခုကို အစိုးရ၊ UEC နှင့် နိုင်ငံရေးပါတီများက ဆွေးနွေးဆုံးဖြတ်ပြီး အတည်ယူရဦးမည်ဖြစ်သည်။
သို့သော်လည်း မည်သည့် PR ပင်လာစေကာမူ အချက်အချာကျသည့် ၂၅ ရာခိုင်နှုန်းကို လက်ဝယ်ကိုင်ကာ စစ်တပ်က လွှတ်တော်အခင်းအကျင်းတွင် အားသာနေဦးမည်ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါသည်။
ဂေါင်း-ရေးသားသည်။
ဤဆောင်ပါးရေးသားနိုင်ရန် PR အချက်အလက်များကို ရှင်းပြပေးသည့် ဝါရင့်ရခိုင်နိုင်ငံရေးသမား (ပြည်သူ့လွှတ်တော်အမတ်ဟောင်း) ဦးဖေသန်းကို ကျေးဇူးအထူးတင်ပါသည်။
https://www.facebook.com/dmgnewsagency/posts/2177093499109716