AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲခံ ကိုအောင်ဝင်းနိုင်အမှု၌ လိုပြသက်သေ စရဖ ရုံးချိန်းရောက်မလာ

By Western News/ 2021 December 6

ခိုင်ပြည်နယ် တောင်ကုတ်မြို့ မိုးပညာဒါန ပရဟိတကျောင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဝင်းနိုင်မှာ AA နှင့်ဆက်စပ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် စွဲဆိုခံထားရသည့်အမှုအား ရုံးထုတ်စစ်ဆေးခဲ့သည်။

အမှုတွင် စစ်ဆေးရန်ကျန်ရှိနေသေးသည့် လိုပြသက်သေများ ၂ ဦးအားစစ်ဆေးမည်ဖြစ်သော်လည်း ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်တွင် လိုပြသက်သေတစ်ဦးဖြစ်သည့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) မှာ ရုံးချိန်းရောက်မလာ၍ စစ်ဆေးမှု မပြုလုပ်ခဲ့ရဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်ကြည်နိုင်မှပြောသည်။

“ဒီကနေ့ ရုံးချိန်းမှာ ကျန်တဲ့လိုပြသက်သေ ၂ ဦးကို စစ်ဆေးမှာ။ ဒါပေမယ့် စရဖ ကတစ်ယောက်က ရောက်မလာဘူး။ ခရီးလွန်နေတာလို့ပြောပါတယ်။ ဒါကြောင့် စခန်းမှူးကို ၁ ယောက်ကိုပဲစစ်ခဲ့ရပါတယ်။ ပို့ကုန်သွင်းကုန်အမှုကို လည်း နောက်ရုံးချိန်းမှာ ထပ်စစ်မယ်လို့ပြောပါတယ်”ဟုပြောသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကိုအောင်ဝင်းနိုင်မှာ ပြီးခဲ့သည့် ဇွန်လအတွင်းက သံတွဲ-တောင်ကုန် ဖုံညိုစစ်ဆေးရေး ဂိတ်တွင်စစ်တပ်မှ ဖမ်းဆီးခဲ့ကာ တပ်ထဲတွင်ထိန်းသိမ်းခံခဲ့ရပြီးနောက် မတရားအသင်းဆက်သွယ်မှုဖြင့် တောင်ကုတ်တရားရုံးတွင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

စစ်တပ်တွင် ဖမ်းဆီးခံထားရစဉ်က ရိုက်နှက်ခံရမှုများကြောင့် လက်ရှိတရားရင်ဆိုင်နေစဉ်တွင် ရင်ဘတ်နှင့် နောက်ကျောအောင့်သည့် ဝေဒနာကို ခံစားနေရသည်ဟု မိသားစုဝင်များကပြောသည်။

တရားစွဲဆိုခံ ကိုအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက အမြန်ဆုံးစစ်ဆေးပြီးစီးကာ လွတ်မြောက်စေချင်သည် ဟု ပြောသည်။

” ဖြစ်နိုင်ရင်တော့ အားလုံးစစ်ဆေးပြီး အမြန်ဆုံးပြန်လွတ်စေချင်တယ်။ သူမရှိတော့ မိသားစုစားဝတ်နေရေးလည်းအဆင်မပြေဘူး။ ရုံးချိန်းတစ်ခါ သွားရင် ကုန်ကျစရိတ်ကလည်း မရှိတဲ့လူတစ်ယောက်အတွက်တော့ မလွယ်ဘူး” ဟုပြောသည်။

ကိုအောင်ဝင်းနိုင်ကို AA နှင့်ဆက်စပ်မှုဖြင့်တရားစွဲဆိုထားသော်လည်း ရက္ခိုင့်တပ်တော် AA ဖက်မှ ၎င်းတို့နှင့် တစ်စုံတစ်ရာဆက်စပ်မှုမရှိဘဲ ပရဟိတလုပ်ကိုင်နေသူဟုသာ သိရှိရကြောင်း ဇွန်လအတွင်းက AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောဆိုခဲ့သည်။

သံတွဲ-တောင်ကုတ် ဖုံညိုစစ်ဆေးရေးဂိတ်တွင် ကိုအောင်ဝင်းနိုင် အဖမ်းခံရစဉ်က သူနှင့်အတူ တစ်ခြားလူငယ် ၆ ဦးလည်း စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အဆိုပါဖမ်းဆီးခံလူငယ်များအားလက်ရှိအချိန်ထိစုံစမ်း၍ မရရှိသေးပေ။

https://www.facebook.com/westernnewsagency/posts/423168266156350

Leave a Reply

Your email address will not be published.