AA တပ်ဖွဲ့ဝင်သံသယဖြင့် ဖမ်းဆီးခံရသည့် မြေပုံမြို့နယ်ကလူငယ်နှင့် မိသားစုများ အဆက်အသွယ်မရဖြစ်နေသည်မှာ တစ်လခန့်ရှိနေပြီဟုဆို

By Narinjara/ 2021 December 6

ချစ်အိလှိုင်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် လူငယ်တစ်ဦးသည် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဟု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ၁ လခန့်ရှိနေပြီဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က ပြောသည်။

၎င်းလူငယ်မှာ မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာမှ ကိုနေဝင်းစိုး(၂၃)နှစ် ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် ကိုနေဝင်းစိုးသည် သူ၏ကျောက်ကပ်ဝေဒနာကို ဆေးကုသမှုခံယူရန် နိုဝင်ဘာ ၅ ရက်က ရန်ကုန်သို့ လေကြောင်းဖြင့် သွားရောက်ခဲ့ပြီး နိုင်ငံရေးအခြေအနေကြောင့် ဆေးကုသမှုခံယူရန် အဆင်မပြေ၍ ကားဖြင့် နေရပ်သို့ပြန်လာခဲ့ရာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က ပြောသည်။

“သူ့ခမျာ ဆီးလုံးဝမသွားနိုင်တဲ့အဆုံး ဆေးခန်းပြဖို့ ရန်ကုန်ကို လွှတ်လိုက်တာပါ။ အပြန်မှာ အဖမ်းခံရတာပါ။ နောက်ဆုံး ဖုန်းအဆက်အသွယ် ရခဲ့သေးတယ်။ သူက ဒီမှာ သူ့ကို စစ်သားတွေ စစ်နေတယ်။ ဒီမှာနည်းနည်း ကြာဦးမယ်လို့ပြောခဲ့တယ်။ အဲဒီနောက် ဖုန်းဆက်လို့လည်း မရတော့ဘူး။ ဘယ်မှာဖမ်းထားတယ်။ ဘယ်ကိုရောက်နေတယ်ဆိုတာတောင်မသိရဘူး။ စိုးရိမ်မိပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်အထိ ကိုနေဝင်းစိုးနှင့် အဆက်အသွယ်မရသည်မှာ တစ်လခန့် ရှိနေပြီ ဖြစ်သဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟုလည်း သူမက ပြောသည်။

သူသည် နိုဝင်ဘာလ ၉ ရက်တွင် ရွှေညီအစ်ကို Express ကားဖြင့် ရန်ကုန်မှ ၎င်း၏ရွာသို့ပြန်လာခဲ့ရာ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်၌ AA သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ရွှေညီအစ်ကို Express ကားဂိတ်တာဝန်ခံ ဦးဝင်းနိုင်က နိရဥ္စရာကိုပြောသည်။

“အဲဒီကောင်လေးဖုန်းတွေကိုစစ်တယ်။ အဲဒီမှာ AA ယူနီဖောင်းနဲ့ ပုံတွေ့တယ်လို့ပြောတယ်။ ဒါကြောင့် ဖမ်းလိုက်တယ်လို့ ကားသမားတွေကတော့ အဲလိုပြောတယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်အား နိရဥ္စရာက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် ရဲတပ်ဖွဲ့မှ မှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပါ။

https://www.facebook.com/narinjara.info/posts/4952363858108985

Leave a Reply

Your email address will not be published.