AAနှင့် ဆက်စပ်သည်ဆိုကာ အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး ၁ လကြာသည့်အထိ သတင်းအစအနမရ၍ မိသားစုဝင်များ စိုးရိမ်နေ

By Western News/ 2021 December 9

ရက္ခိုင့်တပ်တော် AAနှင့် ဆက်စပ်သည်ဟု သံသယဖြင့် အမ်းမြို့နယ် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့်လူငယ်တစ်ဦးနှင့် ၁ လကြာသည့်တိုင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုများပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က အမ်းမြို့နယ် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရာ၌ AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၄◌င်းမြေပုံမြို့နယ် ၊ စိတ္တရကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုနေဝင်းစိုးဖြစ်သည်။

ကိုနေဝင်းစိုးမှာ ကျောက်ကပ်မကောင်းသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်ကို ဆေးကုသရန်သွားပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မှအပြန် ရွှေညီအကို Express ကားဖြင့်ပြန်လာစဉ် အမ်းမြို့ နစက ပဲပဒုံ စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိသားစုဝင်းများထံ ၎င်းဖမ်းဆီးခံထားရကြောင်း ဖုန်းဆက်ခဲ့ပြီးနောက် ယနေ့အထိ တစ်စုံတစ်ရာ သတင်းအစအန မရရှိတော့ကြောင်း ဖခင်ဖြစ်သူ ဦးဦးဝင်းမြင့်ကပြောသည်။

“ကျွန်တော့သားကြီး ဖမ်းဆီးခံရချိန်မှာပဲ ကျွန်တော်တို့ကို ဆီဖုန်းဆက်ခဲ့သေးတယ်။ အဖေ ကျွန်တော် ပဲပဒုံ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံထားရတယ်။ ၃ ရက်ကနေ ၇ ရက်လောက်ထိ စစ်ဆေးခံရမယ်တဲ့ ဆိုပြီး နောက် ဆုံးဖုန်းဆက်ခဲ့တယ်။ အဲ့ဒီနေ့ကတည်းက သတင်းအစအန လုံးဝမရတော့ဘူး။ ဖမ်းထားတယ်ဆိုရင်လည်း ဘယ်မှာဖမ်းထားလဲ။ နေကောင်းလားသိချင်ပါတယ်။ ခုက လုံးဝ သတင်းအစအန မရတော့ဘူး။ သူ့အမေဆို သားစိတ်နဲ့ အိပ်ရာပေါ် လဲနေပြီ”ဟုပြောသည်။

ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည်ကို အခိုင်အမာသိရှိထားသော်လည်း လက်ရှိအထိ မည့်သည့်တပ်ရင်းတွင်းထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း လူမှုရေးဆောင်ရွက်နေသည့် အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။

” ပဲပဒုံ ဂိတ်မှာ ဖမ်းခံရတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် အဲ့ဂိတ်မှာ ၃၇၁, ၃၇၂, ၃၇၃ တို့အပြင် တခြား အမ်းမှာရှိတဲ့ တပ်ရင်းတွေအားလုံးကပါ စစ်တာရှိတော့ ဘယ်တပ်ရင်းမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ သတင်းပျောက် နေတဲ့အတွက် ကျွန်တော်တို့လည်း စိတ်ပူနေပါတယ်။ သိရဖို့အတွက်လည်းစုံစမ်းနေကြပါတယ်”ဟုပြောသည်။

စစ်တပ်ကဖက်ကစစ်ဆေးပြီး၍ ရဲဌာနဖက်ကို လွှဲပြောင်းထားခြင်း ရှိ၊မရှိကို အမ်းမြို့မရဲစခန်းမှ စခန်းမှူး ဦးမျိုးကြည် အားမေးမြန်းရာ လွှဲပြောင်းထားခြင်းမရှိဟု Western News ကို ဖြေဆိုသည်။

“အဲ့လိုမျိုးလွှဲပြောင်းထားတာတော့မရှိပါဘူးခင်ဗျာ။ ကျွန်တော်တို့ဆီမှာ အဲ့လို လွှဲပြောင်းထားတာ တစ်ယောက် မှမရှိပါဘူး”ဟုပြောသည်။

လက်ရှိ အမ်းမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်များ အနက် ပဲပဒုံဂိတ်နှင့် တစ်မိုင်ကုန်းဂိတ်တို့မှာ စစ်ဆေးရေး အ များဆုံး ဂိတ်နှစ်ခုဖြစ်ပြီး အဆိုပါ ဂိတ်နှစ်ခုတွင် AAနှင့် ပတ်သတ်သည့် အချက်အလက်ကို အဓိကရှာဖွေစစ် ဆေးကြောင်းလည်း ဒေသခံများကပြောသည်။

ကိုနေဝင်းစိုး၏ ဇနီးဖြစ်သူ မအေးမြတ်မွန်က ” သူက ကျောက်ကပ် မကောင်းလို့ ခဏခဏ အပေါ့သွားတယ်။ အဲ့ဒါကြောင့် ရွာမှာလည်း အမြဲလိုလို ဆေးခန်းသွားပြရတယ်။ ရန်ကုန် သွားပြတာ ။ဟိုမှာက နိုင်ငံရေး အခြေအနေတွေကြောင့် အပြင်သွားလာဖို့အဆင်မပြေလို့ ပြန်လာတာပါ။ အပြန်မှာ အဲ့လို အဖမ်းခံရတာပါ။ သူ့မိသားစုဖုန်းဆက်ပြီးရင် ကျွန်မဆီလည်း ဆက်ခဲ့သေးတယ်။ ခုထိ လုံးဝအဆက်အသွယ်မရသေးဘူး။ အရမ်းစိတ်ပူနေပါ တယ်”ဟုပြောသည်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အ ဖြစ်က ပျယ်ဖျက်ထားသလို လက်ရှိ နားလည်မှုဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲထားသော်လည်း ရခိုင်ဒေသခံများ ကို AAနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်း ဆီးအရေးယူမှုများရှိနေဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/424821725991004

Leave a Reply

Your email address will not be published.