၄၇ နှစ်မြောက်ရခိုင်ပြည်နယ်နေ့အဓိဋ္ဌာန် (ဆောင်းပါး)

By Voice of Westland/ 2021 December 5

ကျွန်းသားငမန်း

မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့နှစ်ပေါင်း ၁၀၀ ကျော်ကျရောက်ခဲ့ရသည်။ ရခိုင်ပြည် နယ်သည် မြန်မာနိုင်ငံအခြားဒေသများထက်နှစ်ပေါင်း ၆၀ ခန့်စောပြီး ဗြိတိသျှလက်အောက်ရောက်ခဲ့ရပြီး အ ခြားဒေသများထက်ကျွန်သက်ရှည်ခဲ့သောပြည်နယ်ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရလာသောအခါ ရခိုင်ပြည်နယ်သည် ရခိုင်တိုင်းအဖြစ်သတ်မှတ်ပါဝင်လာခဲ့ရသည်။ မြန်မာ့လွတ်လပ်ရေးအတွက်ရခိုင် အမျိုးသားဆရာတော် ဦးဥတ္တမသည် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သလို ရခိုင်ပြည်သူများသည်လည်း မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲများတွင် လက်တွဲပါဝင်တိုက်ခိုက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်သူများသည် ရခိုင်ပြည်နယ်ရရှိရေး အတွက်ပါလီမန်ဒီမိုကရေစီ ခေတ်ကာလ(၁၉၄၈-၁၉၆၂)အတွင်း လွှတ်တော်မှနေ၍ဥပဒေဘောင်အတွင်း မှ တောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ ပါလီမန်ဒီမိုကရေစီ ခေတ်ကာလတစ်လျှောက်လုံးအရေးဆို‌တောင်းဆိုခဲ့ကြ သော်လည်း ပြည်နယ်မရရှိခဲ့။ တော်လှန်ရေးကောင် စီအစိုးရလက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့်ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ်အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာခဲ့ခြင် းဖြစ်သည်။ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၃ ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ၁၉၇၄ ခု ခုဇနန်နဝါရီလ တွင်အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့သည်။ သို့ဖြင့် ရခိုင်တိုင်းသည် ရခိုင်ပြည်နယ်ဟုဖြစ်ပေါ်လာခြဲ့ခင်းဖြစ်သည်။ ပထမအကြိမ်ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီသည် ၁၉၇၄ ခုဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့ဟုသတ်မှတ်ခဲ့သည်။ ရခိုင်ပြည်နယ်နေ့ကိုလည်းနှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ၄၇ နှစ်မြောက်ရခိုင်ပြည်နယ်နေ့ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်သည် ရခိုင်၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီးနှင့် ကမန်စသည့် ရခိုင်မျိုးနွယ်စုဝင်များဖြင့်လူမျိုးကိုအခြေခံဖွဲ့စည်းထားသောပြည်နယ်ဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၁၄၂၀၀ . ၁၁ စတုရန်းမိုင်ရှိသည်။ ခရိုင် ၅ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်၊ မြို့ ၂၈ မြို့၊ မြို့ပေါ်ရပ်ကွက် ၁၉၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀၃၆ အုပ်စု ၊ ကျေးရွာပေါင်း ၃၇၀၁ ရွာရှိသည်။ အိမ်ခြေပေါင်း ၅၅၅၃၂၇ အိမ်ရှိပြီး လူဦးရေစုစုပေါင်း ၂၈၅၇၁၉၃ ဦး(၂ . ဂ ) သန်းကျော်နေထိုင်လျက်ရှိသည်။ ရခိုင်တိုင်းရင်းသားများနေထိုင်မှုစုစုပေါင်း ၇၄ . ၄၃ ရာခိုင်နှုန်းရှိကာ၊ ကျေးလက်နေထိုင်သူမှာ ရခိုင်ပြည်နယ်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ရခိုင်ပြည်နယ်၏စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ရေလုပ်ငန်းကိုလည်းလုပ်ကိုင်လျက်ရှိကြ သည်။

ရခိုင်မြေဟုဆိုလိုက်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၏အနောက်ဖက် ဒေသမှ တံတောင်ဆစ်ကွေးသဏ္ဌာန်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့်ကမ်းရိုးတန်းမြေကို လှမ်းမြင်မိကြမည်။ အရှေ့ဖက်တွင်ရခိုင်ရိုးမ တောင်တန်းကြီး၊ အနောက်ဖက်တွင် ဘင်္ဂလားပင်လယ်အော်တို့ အကြား သဘာဝရေမြေအနေအထားနှင့် မြေဆီ သြဇာထက်သန်ကောင်းမွန်သောနေရာဒေသတစ်ခုဖြစ်ကာ အလျားမိုင်ပေါင်း ၄၂၀ ကျော်ရှိပင်လယ်ကမ်းရိုး တန်းကိုပိုင်ဆိုင်ထားသည့်ပြင် ကျောက်ဖြူဆိပ်ကမ်းကဲ့သို့ ပင်လယ်ရေနက်ဆိပ်ကမ်းကိုပါပိုင်ဆိုင်ထားသဖြင့် ပထဝီနိုင်ငံရေးအရအရေးပါသောဒေသတစ်ခုအဖြစ် ရှုမြင် သတ်မှတ်ခြင်းခံထားရသော ပြည်နယ်တစ်ခုဖြစ်သည်။ ယဉ်ကျေးမှုအရလည်းမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ရခိုင်ပြည်နယ်သို့ကြွချီရောက်ရှိတော်မူခဲ့ပြီး မင်းနှင့်ပြည်သူတို့အားတရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးကာ ကိုယ်ပွားတော်ရုပ်ရှင်တော်မြတ်ကိုသွန်းလုပ်ပေးသနားခဲ့ရာဒေသ၊ ဗုဒ္ဓသာသနာထွန်းကားစတင်ခဲ့ရာ‌မြေဖြစ်သည်သာမက၊ ဓညဝတီ၊ဝေသာလီ၊လေးမြို့၊မြောက်ဦး စသည့်ခေတ်ကြီးလေးခေတ်ဖြင့်ထင်ရှားခဲ့ကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်စုံသည့်နေရာဒေသလည်းဖြစ်သည်။

တိုင်းရင်းသားများနေထိုင်ရာမြေ

ပြည်ထောင်စုမြန်မာနိုင်ငံ၏ပထဝီမြေပြင်အနေအထားကိုကြည့်ပါက တိုင်းရင်းသားလူမျိုးစုများနေထိုင် ရာ ပြည်နယ်များသည် မြန်မာနိုင်ငံ၏အစွန်းအဖျား‌နေရာတွင်ရှိနေသည်ကို တွေ့မြင်နိုင်သည်။ အရှေ့တောင် ဘက်တွင်ထိုင်းနိုင်ငံနှင့်ထိစပ်‌နေသော မွန်လူမျိုးများနေထိုင်ရာမွန်ပြည်နယ်၊အရှေ့ဘက်တွင်ထိုင်းနိုင်ငံနှင့်ထိစပ်နေသော ကရင်လူမျိုးများနေထိုင်ရာ ကရင်ပြည်နယ်နှင့် ကယားလူများနေထိုင်ရာကယားပြည်နယ်၊ အရှေ့ မြောက်ဘက်တွင်လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့်ထိစပ်နေသော ရှမ်းလူမျိုးများနေထိုင်ရာရှမ်းပြည်နယ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့်ထိစပ်နေသော ကချင်လူမျိုးများနေထိုင်ရာ ကချင်ပြည်နယ် ၊အနောက်မြောက် ဘက်တွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော ချင်းလူမျိုးများနေထိုင်ရာ ချင်းပြည်နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေသော ရခိုင်လူမျိုးများနေထိုင်ရာ ရခိုင်ပြည်နယ် စသည်များဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကိုဝန်းရံဖွဲ့စည်းထားသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ တစ်နည်းဆိုလျှင်ပြည်နယ်များသည်နယ်စပ်ချင်းစပ် နေသောနိုင်ငံများ၏ ကင်းစောင့်ဒေသများလည်းဖြစ်သည်။ နယ်စပ်ဒေသနေတိုင်းရင်းသားလူမျိုးအချို့ဆိုလျှင် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်သွယ်သွားလာလျက်ရှိသလို၊ တဖက်နိုင်ငံရှိမျိုးနွယ်တူများနှင့်ကူးလူးဆက်ဆံမှုများရှိနေတတ်ကြသည်။ ထို့‌ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ရေရှည်တည် တန့်ခိုင်မြဲရေးအတွက် ပြည်နယ်များ၏ တည်ငြိမ်အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးပါလျက်ရှိ နေပေသည်။

တွဲလက်ခိုင်မာ စည်းရုံးပါ

ရခိုင်ပြည်နယ်ဟုသတ်မှတ်ဖြစ်ထွန်းခဲ့သည်မှာ ၄၇ နှစ်တာကြာမြင့်ခဲ့ပြီ။ ရခိုင်ပြည်နယ်သည် ရခိုင်၊မြို၊ ခမီး၊သက်၊ဒိုင်းနက်၊ မာရမာကြီးနှင့် ကမန်စသည့် ရခိုင်မျိုးနွယ်စုဝင်များဖြင့် လူမျိုးကိုအခြေခံဖွဲ့စည်းထားသော ပြည်နယ်ဖြစ်သည်။ အများအားဖြင့်ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသော်လည်း နတ်ကိုးကွယ်မှုနှင့်အခြားဘာသာကိုး ကွယ်သူများလည်းရှိကြသည်။ ဤသို့ လူမျိုး၊ဘာသာ ကိုးကွယ်မှုခြားနားသော်လည်း ရခိုင်ပြည်နယ်ရှိရခိုင်လူမျိုး များကိုမျိုးချစ်စိတ်ဖြင့်တညီတညွတ်တည်းဖြစ်စေရန် စည်းနှောင်ထားသည်။ ၁၉၇၄ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပေဒအရလည်းကောင်း ရခိုင်ပြည်သူ များကိုယ်တိုင်ပါဝင်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုဆောင်ရွက်နိုင်ခဲ့ကြသည်။ ရခိုင်လူမျိုးတို့တည်တန့်ရန်၊ဒေသဖွံ့ဖြိုးတိုးတက်ရန်မျိုးချစ်စိတ်ဓာတ်ကိုအခြေခံပြီးဆောင်ရွက်နိုင်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိတပ်မတော်အစိုးရအုပ်ချုပ်သည့်ကာလတွင် ရခိုင်ပြည်နယ်၏လမ်းပန်းဆက်သွယ် ရေးတို့တိုးတက်ကောင်းမွန်လာခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မီးခိုးမထွက် သောစက်ရုံများဟုအမည်ပေးထားသည့်ခရီးသွားလုပ်ငန်းများစည်ပင်ခဲ့သည်။ ငပလီ၊မြောက်ဦးကဲ့သို့နေရာများ ၏ခရီးသွားလုပ်ငန်းတို့ဖွံ့ထွားစည်ပင်ခဲ့သည်။ ထို့အတူ ပထမ အကြိမ်ပြည်သူ့လွှတ်တော်ကာလတွင်လည်း တပ်မတော်အစိုးရမှဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကိုလက်ဆင့်ကမ်း လွှဲပြောင်းရယူခဲ့ပြီး ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆောင်ရွက်ခဲ့ကာ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ဆောင်ရွက်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်ရှိသော ဒေသတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည်နယ်တို့တွင်နေထိုင်ကြသော ကချင်၊ကရင်၊ ကယား၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပြည်သူများနှင့်အတူ အေးအတူပူအမျှ ဥမကွဲသိုက်မပျက်နေထိုင်ကြသူများဖြစ်သည်။ မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံသားများသည် အမျိုးသားစိတ်ဓာတ်ကိုအခြေခံသော မျိုးချစ်စိတ်ဓာတ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ဟူသည်မှာ တိုင်းပြည်နှင့်လူမျိုးကိုချစ်‌သောစိတ်ဓာတ်ဟူ ၍အဘိဓာန်ကဖွင့်ဆိုထားသည်။ လူမျိုးတို့တည်တန့်ရန်၊ တိုးတက်ဖွံ့ဖြိုးရန်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နေဖို့လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ်သည်အပြုသဘောကိုဆောင်ပြီး စည်းလုံးညီညတ်မှုကိုဖြစ်စေသည်။ စည်းလုံးညီညွတ် မှုမှတစ်ဆင့်ဖွံ့ဖြိုးတိုးတက်မှု၊ တည်တန့်ခိုင်မြဲမှုကိုဖြစ်ထွန်းစေသည်။ ရခိုင်ပြည်သူများအပါအဝင်မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများအားလုံးတို့သည် စစ်မှန်သောအမျိုးသားရေးအမြင်၊ အမျိုးသားရေးအသိ၊ အမျိုးသားရေး သတိရှိနေဖို့လိုအပ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်နေခဲ့ရချိန်အခါက နယ်ချဲ့သမားများက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့စိတ်ဓာတ်နှင့်အားမာန်ကိုချိုးနှိမ်ထားခြင်းခံခဲ့ရသည်။ အမျိုး၊ ဘာသာ၊ သာသနာတို့မှေး မှိန်အောင်အမျိုးသားရေးစိတ်ဓာတ်ကိုဖျက်ဆီးခဲ့ကြသည်။သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြင့်တောင်တန်းနှင့်ပြည်မဟူ ၍ခွဲခြားဆက်ဆံခြင်းခံခဲ့ရသည်။ သို့ရာတွင် ပြည်သူတို့၏စည်းလုံးညီညွတ်မှုအင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကိုရ ယူနိုင်ခဲ့သည်။

ရခိုင်ပြည်သူတို့သည် မြန်မာနိုင်ငံတွင်နေထိုင်သည့်တိုင်းရင်းသားပြည်သူများနှင့်အတူ တိုင်းတပါးခြား ကိုလိုနီနယ်ခဲ့တို့၏လက်အောက်မှ လွတ်လပ်ရေးကိုရယူနိုင်ခဲ့ကြသည်။ ရခိုင်ပြည်သူ များအပါအဝင်တိုင်းရင်းသား ပြည်သူများအားလုံးသည် စစ်မှန်သောအမျိုးသားရေးစိတ်ဓာတ်ကိုခံယူပြီး တိုင်းပြည်နှင့်လူမျိုးတိုးတည်တန့်ခိုင်မြဲရေး၊ နိုင်ငံတော်တက်ဖွံ့ဖြိုး တိုးတက်ရေးအတွက်စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြမည်ဟု ၄၇ နှစ် ရခိုင်ပြည်နယ်နေ့တွင်သန္နိဋ္ဌာန်ချမှတ်သွားကြပါစို့ဟု တိုက်တွန်းရပေသည်။

ကျွန်းသားငမန်း

https://www.facebook.com/VOW2ppl/posts/133917492360970

Leave a Reply

Your email address will not be published.