အာရှနေဝင်း ဆောက်လုပ်‌ရေးကုမ္ပဏီမှ လုပ်အားခငွေပေးချေမှုမရှိ၍ အလုပ်သမားများအခက်ကြုံ

By Western News/ 2021 December 10

ရခိုင်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် “အာရှနေဝင်း” ဆောက်လုပ်ရေးကုမ္ပဏီမှ တောင်ကုတ်မြို့ မအီမြို့နယ်ရှိ အစိုးရအဆောက်အဦးတစ်ခု ဆောက်လုပ်ရာတွင် ၎င်းနှင့်ဆက်စပ်လုပ်ကိုင်သည့် အလုပ်သမားများအား အချိန်ကြာမြင့်သည့်တိုင် ငွေပေးချေမှုမရှိ၍ အခက်ကြုံနေကြရသည်ဟု အလုပ်သမားများ က ပြောသည်။

အဆောက်အဦးမှာ မအီမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာဖြစ်ပြီး ကျပ်သန်း ၃၉.၆၀၀ တန်ကြေးရှိ အဆိုပါအဆောက်အဦးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ် ဇွန် လ ၁၅ ရက်နေ့မှ စတင်၍ ဆောက်လုပ်နေခြင်းဖြစ်သည်။

လုပ်ငန်းပိုင်ရှင်မှ ရရှိမည့်လုပ်အားခငွေ သိန်း ၃၀ ကျော်ထဲမှ လက်ရှိနေထိုင်စားသောက်ရန် ၅ သိန်းခန့်လောက် တောင်းခံခဲ့သည်ကိုပင် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ရှောင်ထွက်နေကြောင်းအဆိုပါဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးတွင် လုပ်ကိုင်နေသည့် ဦးကျော်စိန်က ပြောသည်။

“ရမယ့်ငွေတွေ သိန်း ၃၀ ကျော်ထဲက အလုပ်သမားတွေ စားသောက်ဖို့ အတွက် ၅ သိန်းလောက်ပဲထုတ်ပေးဖို့ ပြောတာတောင် မရခဲ့ဘူး။ အကျိုးအကြောင်းလည်း ဘာမှမပြောဘဲ ရှောင်ထွက်သွားတယ်။ အလုပ်လုပ်နေရင်း ပစ္စည်းပြတ်တယ်။ ပိုက်ဆံထုတ် မပေးတော့ အလုပ်သမားတွေ ထမင်းငတ်တဲ့ အခြေနေမျိုးတွေရှိလာတယ်။ ခုလိုမျိုး ရမယ့်ငွေတွေ အချိန်ကြာတဲ့အထိမရတော့ အဆင်မပြေဘူး။ ကျနော်မှာရော ကျနော်နဲ့လိုက်ပါလာတဲ့အလုပ်သမားတွေမှာရော မိသားစု စားဝတ်နေရေးဆိုတာ ရှိသေးတယ်လေ” ဟုပြောသည်။

ငွေတောင်းသည့် အချိန်တိုင်း ရက်ချိန်းသာပေးတတ်ပြီး လုပ်ငန်းအတွက် ၆ လပိုင်း ၇ ရက်နေ့ က ရောင်းချလိုက်သည့် သဲကျောက်ဖိုးငွေ ၁၀ သိန်းကျော်မှာ ၆ လကြာသည်အထိမရရှိသေးကြောင်း ပစ္စည်းရောင်းရသည့် ငွေနှင့်တစ်ဖန်လည်ပတ်နေရသည့်အတွက် ငွေမရသည်မှာ အလွန်အခက်ခဲဖြစ်ရသည်ဟု မအီမြို့ အမှတ်(၂) ရပ်ကွက်မှ သဲ၊ ကျောက် ရောင်းသူ ဒေါ်နီနီ က ပြောသည်။

“သူက ၆ လပိုင်း ၇ ရက်နေ့က ကျမဆီက ပစ္စည်းစယူသွားတာ။ ငွေတောင်းတိုင်း ရက်ချိန်းတွေပေးတယ်။ ဖောင်ဒေးရှင်းချပြီးရင်ပေးပါ့မယ်လို့ပြောရင် ကျမကလည်း မျှော်လင့်ချက်လေးနဲ့ နေတယ်။ နောက်တော့ မရပြန်ဘူး။ ပြီးတော့ အမိုးပြီးရင် ငွေတစ်ဖြတ်ထွက်မယ်ဆိုပြီးပြောတယ်။ ခု အမိုးကပြီးသွားပြီး။ ပိုက်ဆံကတော့ မရပါဘူး။ အခက်ခဲကတော့ အကုန်လုံးမှာရှိကြတာပါပဲ။ အကြွေးရောင်းလိုက်ရင်လည်း စောင့်ရရင် နှစ်လ လောက်ပါပဲ” ဟုပြောသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ အာရှနေဝင်းဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးနေကိုဝင်းအား ဆက်သွယ်ရာ လုပ်ငန်းတွင်လွဲလျော်မှုအနည်းငယ်ရှိ၍ ငွေကြေးအဆင်မပြေဖြစ်နေခြင်းဖြစ်ပြီး အဆင်ပြေလျှင် အလုပ်သမားများကို ငွေပေးသွားမည်ဖြစ်သည်ဟု ပြန်လည်ဖြေဆိုသည်။

“အခုလောလောဆယ် အဆောက်အဦးကပြဿနာတက်နေလို့ ငွေကထုတ်မရဘူးဖြစ်နေလို့ပါ။ လုပ်တာလေးတွေနည်းနည်းလွဲသွားလို့ ပြန်ပြီးတွက်ချနေရလို့ပါ။ အဆောက်အဦးက ကျတဲ့ငွေနဲ့ လုပ်ရတဲ့အလုပ်က မကာမိဘူး။ အခုကျနော်ပြည်နယ်ရုံးကို တင်ပြထားပါတယ်။ ငွေထုတ်လို့ရဖို့လည်း ကြိုးစားနေပါတယ်။ ရတာနဲ့ ကျနော်အကုန်လုံးကို ခေါ်ပြီးရှင်းပေးမှာပါ” ဟုပြောသည်။

ကန်ထရိုက်တာများတွင် ငွေထုတ်ယူမှု၌ ဘဏ်အခက်ခဲရှိသည်ဆိုသော်လည်း လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများကို အဆင်ပြေအောင်လုပ်ပေးရမည် ဖြစ်သည်ဟု လိုင်စင်ရကန်ထရိုက်တာများအသင်းရုံးမှ ရုံးအုပ်ကြီး ဦးမိုးကျော်သူမှ ပြောသည်။

“ဘဏ်အခက်ခဲကတော့ ခုထိရှိတုန်းပါပဲ။ တစ်ပတ်ကို မြန်မာ့စီးပွားရေးဘဏ်က ၅ သိန်းလောက်ပဲ ထုတ်လို့ရ တယ်။ အခက်ခဲရှိတယ်ဆိုပေမယ့် အလုပ်သမားတွေကိုတော့ အဆင်ပြေ‌အောင်လုပ်ပေးရမှာပဲလေ။ အာရှနေဝင်း လုပ်ငန်း လိုင်စင်ကတော့ ၁၂ လပိုင်း ၂ ရက်နေ့က သက်တမ်းကုန်ထားတယ်။ ဒါကတော့ ဘဏ်ကငွေထုတ်တဲ့ အပိုင်းနဲ့တော့ မဆိုင်ပါဘူး” ဟုပြောသည်။

အာရှနေဝင်းဆောက်လုပ်ရေးလုပ်ငန်းမှာ တောင်ကုတ်မြို့နယ် မအီမြို့မှ စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေခြင်းဖြစ်ရာ ၎င်းဌာနမှ ဦးစီးအရာရှိအား ယခုကိစ္စနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ လက်ရှိအဆောက်အဦးမှာ ၆၀ ရာခိုင်နှုန်းခန့်သာပြီးစီးသေးပြီးလာမည့်ဒီဇင်ဘာ ၂၄ ရက်နောက်ဆုံးထား၍ အပ်နှံရမည်ဖြစ်သည်ဟု ပြောသည်။

“သူက ကန်ထရိုက်ဆွဲတဲ့အခါ အရင်စျေးနှုန်းနဲ့ အခုစျေးနှုန်းတွေနဲ့က မကာမိဘူး။ ဌာနကနေပြီးတော့ သူ့ကို ပိုက်ဆံ ၂၀၀ ကျော်ပဲ ထုတ်ပေးတာ။ တကယ်က သူက သိန်း ၄၀၀ ရမှာ။ ဒါပေမယ့် ကျနော်တို့က အလုပ်ပြီးမှ ထုတ်ပေးလို့ရမှာ သူ့မှာအလုပ်ကမပြီးဘူး။ ခုတော့ ငွေရှာမယ်ဆိုပြီး ထွက်သွားတာပဲ။ ကျနော်တို့က ငွေထုတ်ပေးရတာမဟုတ်ဘူး။ ပြည်နယ်ရုံးကပဲ ငွေထုတ်ရတာ။ ဒီအဆောက်အဦးက ဒီဇင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားအပ်ရမှာ ခုတော့ ၆၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ အမိုးကျန်တယ်၊ မိလ္လာကျန်တယ်၊ မျက်နှာကျက်ကျန်တယ်၊ တံခါးတပ်ခြင်း၊ ဆေးကျန်တယ်၊ မီးကျန်တယ် ” ဟုပြောသည်။

အာရှနေဝင်းလုပ်ငန်းမှ ငွေကြေးရရန်ရှိသူများမှာ အဆောက်အဦးဆောက်လုပ်နေသည့် လက်သမား၊ ပန်းရံ အလုပ်သမားများ၊ အုတ်၊ သဲ၊ ကျောက် ရောင်းသည့်သူများနှင့် တစ်ခြားလုပ်ငန်းနှင့် ဆက်စပ်၍ ငွေကြေးချေးထားသည့်သူများဖြစ်သည်ဟု ငွေရရန်ရှိသည့် သူများကပြောသည်။

https://www.facebook.com/westernnewsagency/posts/425522969254213

Leave a Reply

Your email address will not be published.