အဂတိမှုဖြင့် တရားစွဲခံထားရသည့် ရခိုင်မှ ဝန်ကြီး ၅ ဦးအမှုတွင် ပြန်ခေါ်သက်သေများအား စစ်ဆေး

By Western News/ 2021 December 8

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါဝင် ဝန်ကြီး ၅ ဦးအမှုအား ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့ စစ်တွေအကျဉ်းထောင်တွင် တရားရုံးဖွဲ့ကာ ရုံးတင်ခဲ့ပြီး ပြန်ခေါ်သက်သေ များအားစတင်စစ်ဆေးခဲ့သည်ဟု အမှုလိုက် ရှေ့နေများက ပြောသည်။

ယနေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေ ၃ ဦးအားစစ်ဆေးခဲ့ပြီး ကျန်ရှိနေသည့် ပြန်ခေါ်သက်သေ ၁ ဦးအား လာမည့် ၁၀ ရက်နေ့တွင် စစ်ဆေးသွားမည်ဟု ဦးညီပုနှင့် ဦးမင်းအောင်တို့၏ အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွတ်တော်ရှေ့နေ ဦးအေးကျော်သန်းက Western News ကိုပြောသည်။

“ဒီနေ့တော့ ပြန်ခေါ်သက်သေ ၃ ဦးကိုစပြီးစစ်ဆေးခဲ့တယ်။ ကျန်နေတဲ့ တစ်ယောက်ကိုတော့ ၁၀ ရက်မှာ ဆက်စစ်သွားမှာပါ။ ပြန်ခေါ်သက်သေ စုစုပေါင်း ခေါ်ထားတာက ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်။ ဒါပဲ့မဲ့ ၄ ယောက်လောက်ပဲ စစ်ဆေးမှာပါ။ ၁၀ ရက်နေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေ စစ်ဆေးပြီးရင် ဝန်ကြီးတွေကို ဆက်ပြီးစစ်ဆေးသွာပါမယ်”ဟုပြောသည်။

အဆိုပါ ဝန်ကြီး ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဦးကောင်ဇော်သန့်က အမှု ၄ မှုဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

အမှုရင်ဆိုင်နေရသည့် ဝန်ကြီးများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ဖြစ်ကြသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ဦးအောင်ကျော်ဇံ နှင့် ဦးကျော်အေးသိန်းတို့မှာ အဂတိ မှု ၃မှုဖြင့် အမှုရင်ဆိုင်နေရပြီး ဦးကျော်လွင် နှင့် ဦးမင်းအောင်တို့မှာ အမှုတစ်မှုစီဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် ဦးညီပုအပါဝင် ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

အဆိုပါ ဝန်ကြီး ၅ ဦးအားစွဲဆိုထားသည့် အဂလိုက်စားတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ သည် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

https://www.facebook.com/westernnewsagency/posts/424366459369864

Leave a Reply

Your email address will not be published.