By Narinjara/ 2021 December 10
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ သက်ကြီးကဗျာဆရာဖြစ်သော အောင်သာဆန်း(သံတွဲ)အား ရခိုင်စာပေအသိုင်းအဝိုင်းက ယနေ့နံနက်တွင် ဂုဏ်ပြုပူဇော်ခဲ့ကြသည်ဟု သိရသည်။
အသက် (၈၁)နှစ်ရှိပြီဖြစ်သော ဆရာကြီး အောင်သာဆန်း(သံတွဲ)ကို ရန်ကုန်အခြေစိုက် အယနာစာပီအဖွဲ့၊ တောင်ကုတ်စာရေးဆရာအသင်းနှင့် မြို့နယ်စာပေအင်အားစုတို့က ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၁ဝ ရက် နံနက် ၉ နာရီတွင် တောင်ကုတ်မြို့၊ ဆေးရုံကွက်သစ်၊ ၁- လမ်းသွယ်ရှိ ဆရာကြီး၏နေအိမ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်ကုတ်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမောင်နှစ်သိမ့် (တောင်ကုတ်)က “ကျွန်တော်တို့ဆီကို အယနာစာပီအဖွဲ့က ဆက်သွယ်လာပါတယ်။ တောင်ကုတ်မြို့က အသက်အကြီးဆုံးစာရေးဆရာတစ်ယောက်ကို သူတို့ ဂုဏ်ပြုကန်တော့ချင်တယ်ပေါ့။ ကျွန်တော်တို့မြို့မှာ မြို့နယ်စာရေးဆရာအသင်းရဲ့နာယာကဖြစ်တဲ့ ကဗျာဆရာ အောင်သာဆန်း(သံတွဲ)ရှိနေတာကို ကျွန်တော်က စာရင်းပေးလိုက်ပါတယ်”ဟု ပြောသည်။
ယင်းနောက် အယနာစာပီအဖွဲ့က ဆရာကြီးအတွက် ဂုဏ်ပြုကန်တော့ငွေ ကျပ် ၆ သောင်းအပါအဝင် အခမ်းအနားဗီနိုင်းတစ်ခု၊ အယနာဂုဏ်ပြုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းအချို့အပါအဝင် တောင်ကုတ်မြို့မှ စာရေးဆရာများနှင့် စာပေအင်အားစုကလည်း ဆရာကြီးအတွက် တတ်နိုင်သလောက်စုပေါင်းပြီး ဂုဏ်ပြုချီးမြှင့်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။
ကန်တော့ခံ ကဗျာဆရာကြီးအောင်သာဆန်း (သံတွဲ)က “အခုလိုမျိုး စာရေးဆရာတွေကို ဂုဏ်ပြုကြတယ်၊ အသိအမှတ်ပြုကြတယ်ဆိုတာ အလွန်ဝမ်းမြောက်ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ ဒီအလေ့အထက ကျွန်တော်တို့မြို့မှာတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ။ ဒီကမှတဆင့် နောက်နောင်အချိန်တွေမှာလည်း အလေ့အထကောင်းတစ်ခုအဖြစ် ဆက်လက် ဖြစ်တည်စေချင်ပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တွေမှာလည်း စာပေအသိုင်းအဝိုင်းတွေကြားမှာ ဒီလိုအလေ့အထမျိုးကို ဖြစ်စေချင်ပါတယ်”ဟု ပြောသည်။
ကဗျာဆရာကြီး အောင်သာဆန်း(သံတွဲ)သည် သူ၏ဘဝတစ်လျှောက်လုံးတွင် မြန်မာနိုင်ငံအန့ံမှ မဂ္ဂဇင်းများနှင့် စာစောင်များ၌ ကဗျာပေါင်းများစွာကို ရေးသားလာခဲ့သူဖြစ်သည်။
ဆရာကြီးသည် စာပေဗိမာန်စာပေဆု ပထမဆု တစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ ပခုက္ကူဦးအုန်းဖေ ပထမနှစ်ကြိမ်၊ ဒုတိယနှစ်ကြိမ်၊ ပညာတန်ဆောင်ဦးသန်းညွန့် ကဗျာဆုနှင့် နိုင်ငံတော်အဆင့်ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားသူဖြစ်သည်။
ယခုကဲ့သို့ ဂုဏ်ပြုပွဲဖြစ်မြောက်ဖို့ ကမကထပြုလုပ်ခဲ့သည့် ရန်ကုန်အခြေစိုက် အယနာစာပီအဖွဲ့သည် ရခိုင်မှ သက်ကြီးဝါကြီးစာရေးဆရာကြီးများကို နှစ်စဉ် ပူဇော်ကန်တော့ပေးလေ့ရှိသည်ဟု သိရသည်။
ယခုနှစ်တွင် အာရှနေဝန်းဆရာတော် အသျှင်ဥတ္တမ၏ ၁၄၂ နှစ်မြောက်မွေးနေ့အဖြစ် ဆရာကြီး အောင်သာဆန်း (သံတွဲ)ကို ဂုဏ်ပြုပူဇော်ခဲ့ခြင်းဖြစ်သည်ဟု အယနာစာပီဆုချီးမြှင့်ရေးအဖွဲ့မှ ဆရာခိုင်ကျော်နွယ်က ပြောသည်။
https://www.facebook.com/narinjara.info/posts/4965360660142638