By Western News/ 2021 December 3
PDF နှင့်ဆက်စပ်သည်ဟု ဆိုကာ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ကလူငယ်စာရေးဆရာ မင်းဒီပါအား ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် စစ်ဆေးရန် ကျန်ရှိနေသည့် လိုပြသက်သေ ၃ ဦးအားစစ်ဆေးခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ ရုံးချိန်းတွင် စွဲချက်လျှောက်လဲချက် ပြုလုပ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေ အထောက်အကူပြု အဖွဲမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက Western News ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာ ကျန်ရှိနေတဲ့ လိုပြသက်သေ ၃ ဦးကိုထပ်စစ်ဆေးတယ်။ လိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးပြီဆိုတော့ လာမည့်ဒီဇင်ဘာ ၁၀ ရက်နေ့ ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေ တွေက စွဲချက်လျှောက်လဲသွားမှာ”ဟုပြောသည်။
စာရေးဆရာ မင်းဒီပါအား ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်က အဝတ်ဖြင့် ရဲတပ်ဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ရပြီး အကြမ်းဖက် ပုဒ်မနှင့် တရားစွဲထားခြင်းဖြစ်သည်။
လူငယ် စာရေးဆရာ မင်းဒီပါ အားမြောက်ဦးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးတင်က တရားလိုကာ မြောက်ဦးခရိုင်တရား ရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၄င်းအမှုတွင် လိုပြသက်သေ စုစုပေါင်း ၇ ဦးပါဝင်သည်။
ရခိုင်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၆ ဦးခန့်ရှိပြီး ၎င်းတို့မှာ ယခု တရားရင်ဆိုင်နေရသူ စာရေးဆရာမင်းဒီပါနှင့် ရဲနိုင်ဦး၊ ငပလီမှ ငြိမ်းအိဖြူကျော်၊ သံတွဲမှ ဦးစိန်ချစ်နှင့် ဒေါ်စခန်းချိုသိုက်၊ မတင်စန္ဒာဝင်းတို့ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/421162496356927