By Narinjara/ 2021 December 8
ချစ်အိလှိုင်
အဂတိလိုက်စားမှုပုဒ်မဖြင့် တရားစွဲခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးအမှု၏ ပြန်ခေါ်သက်သေ ၃ ဦးကို ယနေ့ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။
၄င်းတို့၏အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေ ၃ ဦးကို ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် စစ်တွေအကျဉ်းထောင် အထူးတရားရုံး၌ စတင်စစ်ဆေးခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်နေသူ သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက ပြောသည်။
“ပြန်ခေါ်သက်သေထဲမှာ တရားလိုကိုယ်တိုင်လည်းပါတယ်။ တရားလို သက်သေနှစ်ယောက်ပေါ့။ ငါးယောက်စလုံးနဲ့ဆိုင်တဲ့ အမှုလေးမှုကို စစ်ဆေးတာပါ” ပြောသည်။
၄င်းတို့အား လာမည့် ဒီဇင်ဘာ ၁ဝ ရက်ကို ထပ်မံရုံးချိန်းလိုက်ပြီး ယင်းနေ့ရုံးချိန်းတွင် နောက်ထပ် စစ်ဆေးရန်ကျန်သေးသည့် ပြန်ခေါ်သက်သေ ၁ ဦးနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်ကို ဆက်လက်စစ်ဆေးနိုင်သည်ဟု သူက ဆက်ပြောသည်။
အဂတိလိုက်စားမှုပုဒ်မဖြင့် တရားစွဲခံနေရသည့် ဝန်ကြီးဟောင်းများမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်သတ္တု ဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ/အခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။
၄င်းတို့ကို နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် သြဂုတ်လ (၁၂) ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် အမှုစတင်ဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅)သည် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4959412210737483