By Western News/ 2021 December 1
အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ၅ ဦးအား ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် စွဲချက်တင်လိုက်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
ယနေ့ရုံးချိန်းတွင် အမှု ၄ မှုစလုံးအတွက် စွဲချက်လျှောက်လဲခဲ့ကြပြီး စွဲချက်ပါ တခါတည်းစွဲချက်လိုက်သည်ဟု ဦးညီပုနှင့် ဦးမင်းအောင်အတွက် အမှုလိုက်ပါရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက Western News ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာ အမှု ၄ မှုလုံးအတွက် တရားလိုနှင့် လိုပြသက်သေတွေကို စစ်ဆေးပြီး ဖြစ်တဲ့အတွက် အဲဒီ ၄ မှုစလုံးအတွက် စွဲချက်လျှောက်လဲခဲ့ကြပြီးတော့ ဒီနေ့မှာပဲ စွဲချက်တင်လိုက်တယ်။ နောက်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၈ ရက်နဲ့ ၁၀ ရက်နေ့တွေကိုချိန်းလိုက်တယ်။ အဲဒီနေ့မှာတော့ ပြန်ခေါ်သက်သေတွေကိုစစ်ဆေးမှာ”ဟုပြောသည်။
အဆိုပါ ဝန်ကြီး ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဦးကောင်ဇော်သန့်က အမှု ၄ မှုဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
ယင်းအမှု ၄ မှုမှ အမှုနံပါတ် ၁ မှာ ဂွမြိုနယ်အတွင်းရှိ ဂုံသောင်းတန်ဖိုးနည်းမြေကွက်များဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ် ကုမ္ပဏီတစ်ခုကို စာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေခြင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို လွဲသုံးစားလုပ်ကာ ကုမ္ပဏီကိုငွေကြေးများပေးဆောင်ခြင်း စသည့်အချက်များဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အမှုနံပါတ် ၂ မှာ အစိုးရပိုင် အဆောက်အဦး ၃ ခုအား ပြည်သူသို့ဌားရမ်းရာတွင် ဥပဒေနှင့် ငြိစွန်းသည်ဆိုကာစွဲဆိုထားခြင်းဖြစ်ပြီး အမှု နံပါတ် ၃ မှာ QC ရန်ပုံငွေ Third party မှ ငွေတချို့အား သတ်မှတ်ဘဏ်အကောင့်တွင်ရှိမနေဘဲ တခြားအကောင့်တွင်ရှိနေသောကြောင့် စွဲဆိုခြင်းဖြစ်သည်။
ယင်းအပြင် အမှုနံပါတ် ၄ မှာ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က ၎င်းတာဝန်ထမ်းဆောင်စဉ် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေတွင်ပါဝင်ခြင်းမရှိ၊ ပြည်နယ်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မ ဈေးအပါဝင် ဈေး၅ ဈေးအား တင်ဒါစည်းကမ်းနှင့် မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် စွဲဆိုထားခြင်းဖြစ်သည်။
အမှုနံပါတ် ၁ တွင် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့ပါဝင်ပြီး အမှုနံပါတ် ၂ နှင့် ၃ တို့တွင် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ ပါဝင်ကာ အမှုနံပါတ် ၄ တွင် ဦးမင်းအောင်တစ်ဦးတည်းသာပါဝင်သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ဖြစ်ကြသည်။
ဝန်ကြီးများအနက် ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)ဖြင့် စစ်တွေမြို့နယ်တရားရုံးက အောက်တိုဘာ ၈ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပြီး ယင်းပြစ်မှုအတွက် စစ်တွေခရိုင်တရားရုံးတွင် အယူခံတင်ခဲ့သော်လည်း နိုဝင်ဘာ ၂၂ရက် နေ့က အယူခံပယ်ချခံခဲ့ရသည်။
လက်ရှိတွင် ဦးညီပုအပါဝင် ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။
အဆိုပါ ဝန်ကြီး ၅ ဦးအားစွဲဆိုထားသည့် အဂလိုက်စားတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ သည် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။
https://www.facebook.com/westernnewsagency/posts/420000799806430