ရခိုင်တွင် ဝေးလံခေါင်ဖျားသည့်နေရာဒေသက ကျောင်းသား (၂၀၀) ကျော် ယခုနှစ်မှာ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရ

By Western News/ 2021 December 11

ရခိုင်ပြည်နယ်တွင် ဝေးလံခေါင်ဖျားသည့် နေရာဒေသများမှ စစ်တွေမြို့ပေါ်မှာရှိသည့် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းတွင် တက်‌ရောက်သင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူ (၂၀၀) ကျော်သည် ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းတက်ဖို့ ကျောင်းကို မရောက်လာနိုင်ဘဲရှိကြသည်ဟု ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းမှ တာဝန်ရှိသူများက ပြောသည်။

ယခုနှစ်ကျောင်းစဖွင့်ချိန်မှာ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့သည့် ကျောင်းသား (၇၀၀) ကျော်ရှိသော်လည်း ကိုဗစ်ကြောင့် ကျောင်းတွေပြန်ပိတ်လိုက်ပြီး နိုဝင်ဘာလ (၁) ရက်နေ့ ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ကျောင်းသား (၄၀၀) ကျော်ကသာ ကျောင်းကို ရောက်ရှိလာခြင်းရှိသည်။

ကိုဗစ်ရိုက်ခတ်မှုဒဏ် နှင့် မိသားစု စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသတွေဆီကနေ စစ်တွေမြို့ပေါ်သို့ လာရောက်ရန် လမ်းစရိတ် မတတ်နိုင်ခြင်းကြောင့် ယခုနှစ်မှာ ကျောင်းသားအများစု ပညာသင်ယူခွင့် ဆုံးရှုံးလိုက်ရသည့်အပေါ် စိတ်မကောင်းဖြစ်မိသည်ဟု ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းမှ ဆရာမ ဒေါ်မစန်းကြည်က ပြောသည်။

“ကျောင်းတွေက ဖွင့်လိုက်၊ပိတ်လိုက် ဖြစ်နေဝောာ့ ကျောင်းတွေပြန်ပိတ်မှာ စိုးရိမ်တဲ့အတွက် တစ်ချို့မိဘတွေက ကျောင်းမပို့တာတွေရှိတယ်။ တစ်ချိူ့ကျတော့လည်း နယ်ကနေ မြို့ပေါ်ကိုလာဖို့ ငွေကြေးမတတ်နိုင်တာတွေကြောင့် ကျောင်းကို‌ရောက်မတာရှိတယ်။ အခုလိုမျိုး ကပ်ဘေးဆိုက်နေတဲ့ အချိန်မှာ ကလေးတွေက ကျောင်းလာ မတက်နိုင်တော့ စိတ်မကောင်းဖြစ်ရုံအပြင် ဘာမှမတတ်နိုင်ဘူး” ဟု ပြောသည်။

ကျောင်းများပြန်ဖွင့်ချိန်မှာ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းကို ရောက်မလာနိုင်သည့် ကျောင်းသားများထဲမှ အနည်းစုသော မူလတန်းအရွယ် ကျောင်းသားများသည် သူတို့နေထိုင်သည့် ကျေးရွာအနီးက ကျောင်းများမှာ တက်‌ရောက်နေတာတွေရှိသည်ဟု ဆရာမ ဒေါ်မစန်းကြည်က ဆက်ပြောသည်။

ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းမှာ KG တန်း က‌နေ အဌမတန်းအထိ ကျောင်းသားများကို ပညာသင်ကြားပေးနေတာ ဖြစ်ပြီး ကျောင်းလာတက်သည့် ကျောင်းသားအများစုမှာ ခမီ၊ မြို၊ချင်းနဲ့ ရခိုင်လူမျိုးများဖြစ်သည်။ ကျောင်းသားအများစုသည် ရခိုင်ပြည်နယ် ဝေးလံခေါင်းဖျားသည့် ဒေသများဆီမှ လာရောက်ကြပြီး ဘုန်းကြီးကျောင်းမှာ ကိုရင်၊သီလရှင် များအဖြစ် သီတင်းသုံးရင်း ကျောင်းပညာကို သင်ကြားနေကြခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/426094022530441

Leave a Reply

Your email address will not be published.