By Narinjara/ 2021 December 7
ထက်အောင်

ရခိုင်ပြည်နယ်ရှိ သင်္ဘောကျင်းများ၌ ရာဘာလေအိတ်ဒေါက်တင်စနစ်အသုံးပြုသည့် သင်္ဘောကျင်း (၂) ခုအထိ ရှိလာကြောင်း သိရသည်။
ရာဘာလေအိတ်ဒေါက်တင်စနစ်အသုံးပြုသည့် သင်္ဘောကျင်းမှာ စစ်တွေမြို့တွင် ၁ ခုနှင့် တောင်ကုတ်မြို့တွင် ၁ ခုတို့ဖြစ်သည်။
စစ်တွေရှိ သင်္ဘောကျင်း၌ ယခုနှစ် နိုဝင်ဘာလမှစ၍ ပထမဆုံးလေအိတ်ဒေါက်တင်စနစ်ကို စတင်အသုံးပြုစမ်းသပ်နေပြီဖြစ်ရာ အဆင်ပြေမှုရှိသော်လည်း နည်းပညာလိုအပ်ချက်များရှိနေဆဲဟု သင်္ဘောကျင်းပိုင်ရှင်ဖြစ်သည့် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာမှ ဦးအုန်းဖေက ပြောသည်။
“လေအိတ်ကျင်းကတော့ ဒေါက်တင်ရမယ့်သင်္ဘောတွေရှိလာတဲ့အတွက် အရေးပေါ်လိုအပ်ချက်အရ လုပ်လိုက်တာပါ။ ကျနော့်မှာကတော့ လေအိတ်က ငှားသုံးထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။ မှာယူဖို့အတွက်က အခက်အခဲရှိတယ်”ဟု ပြောသည်။
သင်္ဘောဒေါက်တင်ရာတွင်အသုံးပြုသည့် ရာဘာလေအိတ်များကို အဓိကအားဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ရနိုင်ပြီး ပေ ၃၀ ကျော်အရှည်ရှိသည့် လေအိတ်အသစ်တစ်လုံးလျှင် ကျပ် ၃၅ သိန်းခန့်ရှိသည်ဟု သိရသည်။
ရခိုင်တွင် ယခင်က သင်္ဘောများကို အချိန်မီဒေါက်မတင်နိုင်သည့်အခါ မပျက်စီးသင့်ဘဲ ပျက်စီးသွားရခြင်းများလည်း ရှိခဲ့ကြောင်း ဦးအုန်းဖေက ဆက်ပြောသည်။
“အဲဒီအခက်အခဲတွေကြောင့် အကျိုးအမြတ်ဆိုတာထက်လေ။ ဒေသတစ်ခုဖွံ့ဖြိုးဖို့နဲ့ လက်ရှိ သင်္ဘောတွေ၊ ဘုတ်တွေအတွက် အမှန်တကယ် ဒီနေရာမှာ လိုအပ်တယ်လို့ ယူဆတယ်။ အကျိုးအမြတ်ကတော့ သူ့ဟာနဲ့သူ လိုက်လာမှာပါပဲ။ ပြီးတော့ နောက်လူတွေကိုလည်း လုပ်စေချင်တယ်။ ပြီးမှ ဈေးကွက်က ပိုကျယ်လာမယ်”ဟု ပြောသည်။
ရခိုင်တွင် သင်္ဘောများကို ယခုကဲ့သို့ လေအိတ်ဖြင့်ဒေါက်တင်သည့်စနစ်အားအသုံးပြုလာနိုင်ခြင်းသည် ရခိုင်ပြည်နယ်အတွက် အနာဂတ်တွင် နိုင်ငံတကာမှလာသည့် သင်္ဘောများအတွက်ပါ အရေးပါလာနိုင်ကြောင်း ဦးအုန်းဖေက သုံးသပ်သည်။
သင်္ဘောကျင်းများသည် သင်္ဘောပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကိုပြုလုပ်ကြပြီး ထိုသင်္ဘောကျင်းများ၌ သင်္ဘောများကိုဒေါက်တင်သည့်အခါ လေအိတ်ဒေါက်တင်ခြင်းနှင့် ရေလုံတံခါးတို့ဖြင့် ဒေါက်တင်ခြင်းဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။
ရခိုင်ရှိသင်္ဘောကျင်းများတွင် ယခင်က ရေလုံတံခါးတို့ဖြင့်သာ ဒေါက်တင်လေ့ရှိပြီး လေအိတ်ဒေါက်တင်စနစ်ကို တောင်ကုတ်မြို့မှ နေလသစ္စာကုမ္ပဏီက စတင်အသုံးပြုလာခဲ့သည်မှာ ၂ နှစ်ခန့်သာရှိသေးသည်ဟု သိရသည်။
တောင်ကုတ်မြို့မှ သင်္ဘောဒေါက်ကျင်းလုပ်ငန်းဆောင်ရွက်နေသည့် နေလသစ္စာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ထွန်းက “ကျနော်တို့ ရေလုံဒေါက်ကျင်း အသုံးပြုခဲ့တာက (၁၅) နှစ်လောက်တောင်ရှိပါပြီ။ လေအိတ်ဒေါက်တင်တဲ့ဟာကတော့ (၂) နှစ်လောက်ပဲ ရှိပါသေးတယ်”ဟု ပြောသည်။
လေအိတ်ဖြင့်ဒေါက်တင်သည့်စနစ်အား လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်ကပင်လိုအပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လွန့်ခဲ့သည့် ၂ နှစ်ခန့်ကမှ စတင်အကောင်ထည်ဖော်လာနိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ သင်္ဘောဒေါက်ကျင်း (၇)ကျင်းရှိပြီး စစ်တွေတွင် (၄) ကျင်း၊ တောင်ကုတ်တွင် (၂) ကျင်းနှင့် သံတွဲတွင် (၁)ကျင်းတို့ဖြစ်သည်။
ကျောက်ဖြူတွင်လည်း ဒေါက်ကျင်းတည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း သိရသည်။
ရခိုင်ရှိဒေါက်ကျင်းများသည် နိုင်ငံတကာမှလာသည့် သင်္ဘောကြီးများအတွက် ဒေါက်တင်နိုင်သည့်အဆင့် မရှိသေးကြောင်းလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/4955303427815028