ရခိုင်တွင် နေ့စဉ်ရက်ဆက် တရားမဝင်သစ်များဖမ်းဆီးမှုရှိနေ

By Narinjara/ 2021 December 6

ရခိုင်ပြည်နယ်တွင် တရားမဝင် ခိုးသစ်များကို နေ့စဉ်ဖမ်းဆီးမိနေရာ လွန်ခဲ့သည့် ၃ ရက်တာ ကာလအတွင်း ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အတွင်း ကျွန်းသစ် အပါအဝင် သစ်တန်ချိန် ခြောက်တန်ကျော် ဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ဂွမြို့နယ်၊ ဒေါင့်ချောင်းအုပ်စု၊ တောင်ညိုပြင်ကာကွယ်တော အကွက်အမှတ် (၁၁၁) အတွင်း၌ တောင်သရက်ခွဲသား ၂၂ ချောင်း တန်ချိန် ၄ ဒဿမ ၀၃၅၆ တန် (ကာလတန်ဖိုး ၄၄၃၉၁၆) ကျပ်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်ဟု ရခိုင်နေ့စဉ်တွင် သတင်း ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်မှ ဒေသခံတစ်ဦးအား ဆက်သွယ်ရာ ၎င်းက ယခုအခါ ဂွမြို့နယ်မှ သစ်များကို ကားများဖြင့် မှောင်ခို ထုတ်လုပ်ခြင်းထက် စက်လှေများ၊ မော်တော်ဘုတ်များဖြင့် ခိုးထုတ်လာကြသည်ဟု ပြောသည်။

“ အခုက အရင်ကထက် ခိုးထုတ်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ကားတွေနဲ့ မထုတ်ဘဲ စက်လှေတွေနဲ့ ထုတ်တော့ သစ်တွေ ပိုပါတာပေါ့။ ဒီလိုဘဲ လုပ်စားနေကြတယ်လို့ ပြောရမယ်” ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ပြည်မြို့ဘက်မှ မောင်းနှင်လာသော ယာဉ်တစ်စီးအား တောင်ကုတ်မြို့၊ ကြိုးကြာကွင်း ပူးပေါင်းစစ်ဆေးဂိတ်မှ ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၄၃ ချောင်း ၁ ဒဿမ ၉၆၇၆ တန်ခန့်၊ (ကာလတန်ဖိုး ၉၈၃၈၀၀ ကျပ်ခန့်)ကို လူနှစ်ဦးနှင့်အတူ ဖမ်းမိခဲ့သည်ဟု ၎င်းရခိုင်နေ့စဉ် သတင်းတွင်ပင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိဖမ်းမိခဲ့သည်ဟု ပြည်နယ်သစ်တော ဦးစီးဌာနက နိရဥ္စရာ သတင်းဌာကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောဆိုထားသည်။

၎င်းဖမ်းမိသည့် သစ်တန်ချိန်များကို တွက်ချက်မှုအရ သစ်မှောင်ခိုထုတ်မှု သည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ယခင် ၂၀၁၉-၂၀၂၀ ခုနှစ်ကထက် သုံးဆနီးပါးခန့် ပိုများလာခဲ့သည်ဟု ဆိုသည်။

https://www.facebook.com/narinjara.info/posts/4951762984835739

Leave a Reply

Your email address will not be published.