ရခိုင်တွင်ကိုဗစ်ကြောင့် သေဆုံးသူ ၅၀၀ ဦးရှိပြီး၊ ပိုးတွေ့မှုလည်းနေ့စဉ်လိုလိုရှိနေဆဲ

By Western News/ 2021 December 12

ရခိုင်ပြည်နယ်တွင် ကိုဗစ် တတိယလှိုင်းအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၅၀၀ဦးထိရှိလာပြီး ကိုဗစ် အတည်ပြုလူနာမှာလည်း နေ့တိုင်းရှိလာနေသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ် ပိုးတွေ့နှုန်းနှင့်သေဆုံးနှုန်းမှာ ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် နိမ့်ကျ ခဲ့သော်လည်း နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပိုးတွေ့ရှိသူဦးရေ များပြားလာနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၅ထိရှိခဲ့ပြီး ယခု ဒီဇင်ဘာလတွင်လည်း ၁၁ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀နီးပါးထိရှိလာသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လေယာဉ်ဖြင့်ခရီးသွား သူများကို စစ်ဆေးရာမှုနှင့် နယ်စပ်ကုန်သွယ်ရေး မှ ပြန်လာသည့် စက်လှေသမားများကို စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့သူ များပြားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ အတွင်း နယ်စပ်ကုန်သွယ်ရေးမှု ပြန်လာည့် စက်လှေသမား ၁၈ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ယင်းပြင် လေယာဉ်ဖြင့်ခရီးသွားမည့်သူများကို ကိုဗစ် စစ်ရာတွင်လည်း နေ့တိုင်းလိုလို ပိုးတွေ့ရှိမှုရှိနေသည်။ ယနေ့တွင်လည်း ၃ဦးပိုးတွေ့၍ သက်ဆိုင်ရာ ဆေးရုံ အသီးသီးကို ပို့ဆောင်ထားကြောင်းသိရသည်။

စစ်တွေ ပြည့်သူ့ ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြု လူနာ ၄၈ ဦးထိရှိခဲ့ပြီး ၎င်းတို့မှာ လေယာဉ်ဖြင့် ခရီးသွားမည်သူများ ကို စစ်ဆေးရာနှင့် နယ်စပ်ကုန်သွယ်ရေးမှ ပြန်လာသည့် စက်လှေသမားများဖြစ်သည်ဟု ရခိုင်ကို ဗစ် ၁၉ စောင့်ကြည့်ရေးအဖွဲ့၏ဦးဆောင်သူ ဦးဦးထွန်းလှိုင်ကပြောသည်။

“စစ်တွေဆေးရုံမှာဆိုရင် ကိုဗစ် ပိုးတွေ့ပြီး ဆေးကုသမှုခံယူခဲ့တာ ၄၈ဦးထိရှိခဲ့တယ်။ သူတို့ဟာ လေယာဉ်နဲ့ခရီး သွားမယ့်သူတွေနဲ့ နယ်စပ်ကုန်သွယ်ရေး က စက်လှေ သမားတွေဖြစ်ပါတယ်။ ဆေးရုံမှာစစ်လို့ ပိုးတွေ့တာ တစ်ဦး လောက်ပဲရှိတယ်” ဟုပြောသည်။

ယင်း၄၈ဦးထဲမှ ကျန်းမာရေးကောင်း၍ ဆေးရုံဆင်း သွားကြပြီဖြစ်ရာ လက်ရှိတွင် စစ်တွေဆေးရုံ၌ ကုသဆဲ လူနာ ယနေ့ တစ်ဦးအပါအဝင် ၁၃ဦးရှိသေးသည်ဟု သိရသည်။ ၎င်းတို့အားလုံးမှာ ကျန်မာရေး အခြေအနေကောင်းမွန်ကြသည်ဟုလည်း ဦးဦးထွန်းလှိုင်ကပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်းသေဆုံးနှုန်းမှာ ဒုတိယလှိုင်းကထက် ၁၀ဆကျော် မြင့် တက်လျက်ရှိသော်လည်း ကိုဗစ်စည်းကမ်းများကို လိုက်နာမှုအား နည်းလျက်ရှိသည်။

ကိုဗစ် ဒုတိယလှိုင်းကသေဆုံးသူ ၄၀ကျော်သာရှိခဲ့သော် လည်း တတိယလှိုင်းတွင် ၇ လအတွင်း သေဆုံး ၅၀၀ ဦးရှိနေပြီဖြစ်သည်။

အိုမီခရွန်ကိုဗစ်မျိုးစိပ်ခွဲ ကူးစက်မှုမှာလည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်ကြသည့် အိန္ဒိယနှင့် ထိုင်နိုင်ငံများတွင် တွေ့ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

https://www.facebook.com/westernnewsagency/posts/426642882475555

Leave a Reply

Your email address will not be published.