ရခိုင်က ဝန်ကြီးဟောင်းငါးဦးကို အဂတိမှုဖြင့်စွဲချက်တင်

By Development Media Group (DMG)/ 2021 December 1

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)ဖြင့် ယနေ့(ဒီဇင်ဘာလ ၁ ရက်နေ့)တွင် စွဲချက်တင်လိုက်သည်။

ဝန်ကြီးဟောင်းငါးဦးကို စစ်တွေထောင်အတွင်း သီးသန့်တရားရုံး၌ ယနေ့ရုံးတင်စစ်ဆေးခဲ့ပြီး စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း ဦးညီပု၏အမှုအား လိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက “လိုပြသက်သေအားလုံးကို စစ်ဆေးပြီးပြီ။ စွဲချက်လျှောက်လဲချက်ကြားနာတယ်ပေါ့။ အဲဒီလို စွဲချက်လျှောက်လဲချက်ကြားနာပြီး ဒီနေ့မှာဘဲ စွပ်စွဲခံရတဲ့ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဟောင်းတွေကို စွဲချက်တင်တယ်။ နောက်ရုံးချိန်းမှာ ပြန်ခေါ်သက်သေစစ်ဖို့ချိန်းထားတယ်”ဟု ပြောသည်။

အဂတိမှုဖြင့်စွဲချက်တင်ခံရသည့် ဝန်ကြီးဟောင်းငါးဦးတို့မှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့်ခလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ဖြစ်ကြသည်။

အဆိုပါဝန်ကြီးဟောင်းငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၏အမှုကို လိုက်ပါဆောင်နေသည့် မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “ဒီနေ့မှာ စွဲချက်လျှောက်လဲချက်ပေးတယ်ပေါ့။ဝန်ကြီးချုပ်ဟောင်းရဲ့ရှေ့နေတွေက လျှောက်လဲချက်ပေးတယ်။တရားရုံးကတော့ စွဲချက်တင်ခဲ့တယ်ပေါ့”ဟု ၎င်းကပြောသည်။

ဝန်ကြီးဟောင်းငါးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အမှု ၄ မှုဖြင့်စွဲဆိုထားခြင်းဖြစ်ပြီး နံပါတ်(၁)အမှုမှာ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြား သောင်ထွန်းလျက်ရှိသောဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ညွှန်ကြားချက်ပါတင်ဒါစည်းမျဉ်းစည်ကမ်းနှင့်မညီဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကို စာချုပ်ချုပ်ကာ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကိုငွေကြေးများပေးဆောင်ခြင်း စသည့်အချက်များဖြင့် စွပ်စွဲအမှုဖွင့်ထားခြင်းဖြစ်သည်။

ယင်းအမှုတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ဝန်ကြီးဦးအောင်ကျော်ဇံနှင့် ဝန်ကြီးဟောင်းဦးကျော်လွင်တို့ ပါဝင်သည်။

အမှုနံပါတ်(၂)အမှုမှာ စစ်တွေမြို့ရှိ Glorious Saw Co, ltd အား စီစစ်ဆာင်ရွက်မှုမရှိဘဲ ဒေသခံများအလုပ်ရရှိရေးခေါင်းစဉ်ဖြင့် လုပ်ငန်းမလည်ပတ်ဘဲ ငွေကြေးထောက်ပံ့သဖြင့် စွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါအမှုတွင် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ ပါဝင်သည်။

အမှုနံပါတ်(၃)မှာ ဝန်ကြီးများအနေဖြင့် အစိုးရတာဝန်ယူခဲ့စဉ်ကာလက ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ စာရင်းဖွင့်လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီရန်ပုံငွေများကို ဘဏ္ဍာရေးစည်းကမ်းစည်းမျဉ်းနှင့်မညီဘဲ သုံးစွဲခဲ့သည်ဟု စွပ်စွဲထားခြင်းဖြစ်သည်။ အဆိုပါအမှုတွင်လည်း ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ပါဝင်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးမင်းအောင်မှာ ၎င်းတာဝန်ထမ်းဆောင်ခဲ့စဉ်ကာလက ပြည်နယ်အစိုးရ၏ရန်ပုံငွေတွင်ပါဝင်ခြင်းမရှိ၊ လွှတ်တော်၏ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး (၅)ဈေးကို တင်ဒါစည်းကမ်းနှင့်မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

အဆိုပါအချက်များဖြင့် ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်းအပါအဝင် ဝန်ကြီးငါးဦးကို စွပ်စွဲကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုဥပဒေပုဒ်မ(၅၅)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပပုဒ်မဖြင့် စွဲချက်တင်ခံထားရသည့် ဝန်ကြီးဟောင်းငါးဦးအမှုနှင့်ပတ်သက်၍ ဆက်လက်ကြားနာစစ်ဆေးရန်အတွက် လာမည့်ဒီဇင်ဘာလ ၈ ရက်နှင့် ၁၀ ရက်နေ့ကို ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဝန်ကြီးများကိုစွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)သည် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

https://www.facebook.com/dmgnewsagency/posts/2169580549861011

Leave a Reply

Your email address will not be published.