By RFA/ 2021 2021 December 7

■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းဖွင့်ပေးဖို့ အပါအဝင် စစ်တပ်နဲ့အစိုးရကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးထောင်ချခံ ခဲ့ရတဲ့ ရခိုင်ကျောင်းသားလေးဦးအမှု အယူခံတင်လွှာကို ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ အပြီးသတ် လျှောက်လဲချက်ပေးပြီးပြီလို့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူပညာရေးကောလိပ်က ကိုမြတ်စိုးဝင်းတို့ဟာ စက်တင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ဘေးစီမံပုဒ်မ ၂၉ နဲ့ ထောင်ဒဏ် ၆ လစီ ချမှတ်ခံခဲ့ရတာပါ။
အဲဒီလို ချမှတ်ခံလိုက်ရတဲ့အတွက် စစ်တွေခရိုင်တရားရုံးကို အယူခံလွှာတင်သွင်းခဲ့ပေမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပယ်ချခံခဲ့ရပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ပြင်ဆင်မှုထပ်မံတင်ပြခဲ့ပြီး ပြည်နယ်တရားလွှတ်တော်က လက်ခံခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ အဲဒီကျောင်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး ဘယ်နေ့ဘယ်ရက်မှာ အမိန့်ချမယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။
ကျောင်းသားတွေက အပြစ်ရှိကြောင်းဝန်ခံထားပေမယ့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၁၂ အရ ချမှတ်တဲ့ပြစ်ဒဏ် များလွန်းရင် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အယူခံဝင်ခွင့် ရှိနေပါတယ်။ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၂၂မှာလည်း တစ်ချိန်တည်းမှာ ပြုလုပ်မှုတစ်ခုအတွက် ပြစ်ဒဏ်နှစ်ခုမပေးရ ဆိုပြီး ပြဌာန်းထားတယ်လို့လည်းဆိုပါတယ်။
ဒါကြောင့် အဲဒီကျောင်းသားတွေဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ပြုလုပ်မှုဖြစ်တာကြောင့် ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းတည်း ချမှတ်ပေးဖို့နဲ့၊ ကျောင်းသားလူငယ်တွေ ဖြစ်တဲ့အတွက် ပြစ်ဒဏ်လျှော့ပေးဖို့ တောင်းဆိုထားတယ်လို့ ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောပါတယ်။
အဲဒီကျောင်းသားလေးဦးဟာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ချိန် ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ၊ အရပ်သားသေဆုံးမှု ၃၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀၀ ကျော်အထိ ရှိလာတာတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်နဲ့အစိုးရ အလိုမရှိကြောင်း ၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
လက်ရှိမှာ အဲဒီကျောင်းသားလေးဦးဟာ စစ်တွေအကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းချခံထားရတာ တစ်နှစ်ကျော် ရှိသွားပြီဖြစ်ပါတယ်။