By Narinjara/ 2021 December 10
ချစ်အိလှိုင်

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ရခိုင်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားကို ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာဘုန်းတော်ကြီးတွင် ယနေ့ ဒီဇင်ဘာ ၁ဝ ရက်နေ့ မွန်းတည့် ၁၂ နာရီက စည်စည်ကားကားကျင်းပခဲ့ခြင်းဖြစ်သည်။
ရခိုင်ဒေသခံများအနေဖြင့် လူ့အခွင့်အရေးကိုသိရှိနားလည်စေရန်နှင့် အစိုးရအနေဖြင့်လည်း လူ့အခွင့်အရေးကို လိုက်နာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဋ္ဌဦးမြတ်ထွန်းက နိရဥ္စရာအား ပြောသည်။
“ရခိုင်မှာတော့ လူ့အခွင့်အရေးတွေကို အများဆုံးချိုးဖောက်ခဲ့တာတွေ့ရတယ်။ တိုက်ပွဲမဖြစ်ဘဲ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ လယ်ယာမြေ မတရားသိမ်းဆည်းတဲ့အမှုတွေတွေ့ရတယ်။ နေအိမ်တွေအတင်းအဓမ္မရွှေ့ခိုင်းတာတွေ တွေ့ရတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့မှတ်တမ်းအရ အကုန်လုံးမှတ်တမ်း ၇ဝ လောက်ရှိပါတယ်” ဟုပြောသည်။
ယနေ့ ကြာညိုပြင်ကျေးရွာတွင်ပြုလုပ်ခဲ့သည့်အဆိုပါအခမ်းအနားသို့ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ အဖွဲ့ဝင်အင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။
အလားတူ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်တွေရှိ Women Generation အဖွဲ့ကလည်း ယနေ့နံနက်က စစ်တွေမြို့မစျေးကြီးရှေ့တွင် နှင်းဆီဖြူကမ်းပိန်းတစ်ခုကို ပြုလုပ်ခဲ့သလို ညနေပိုင်းတွင်လည်း စစ်တွေရှိ အာရီယာန်ခမ်းမ၌ ဟောပြောပွဲများပြုလုပ်သွားဦးမည်ဖြစ်သည်။
ယင်းအပြင် စစ်တွေရှိ ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့ကလည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုပြုလုပ်ခဲ့သည်ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို လွန်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်က ပြင်သစ်နိုင်ငံပါရီမြို့တွင်ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံ၌ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုခဲ့သည့်အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းလုံးက သတ်မှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4965874826757888