By Narinjara/ 2021 December 10
မာန်ယုကျော် (ရွှေဝမြေ)၊ သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာတွင် စပါးရိတ်စက် ၂ လုံး မီးရှို့ခံလိုက်ရကြောင်း သိရသည်။
အဆိုပါစပါးရိတ်စက် ၂ လုံးမှာ ကူဘိုတာစက်အမျိုးအစားဖြစ်ပြီး မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာမှ ဦးကျော်ဖြူချေနှင့် ဦးသိန်းထွန်းလှတို့ညီအစ်ကိုနှစ်ဦးပိုင်ဆိုင်သည့် စက် ၁ လုံးနှင့် ၎င်းတို့၏အစ်ကိုတော်စပ်သူ ဦးဝေတင်ထွန်းထံမှ ငှားရမ်းရိတ်သိမ်းနေသည့် စက် ၁ လုံးတို့ဖြစ်သည်။
အဆိုပါစက် ၂ လုံးမှာ ယနေ့ ဒီဇင်ဘာလ ၁ဝ ရက် ညဥ့် ၁ နာရီခွဲခန့်တွင် ထိပ်ဝပြင်ကျေးရွာရှိ မိသားစုပိုင်လယ်ကွင်းအတွင်းတွင် မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု စက်ပိုင်ရှင်များက ပြောသည်။
မီးရှို့ခံလိုက်ရသည့် စပါးရိတ်စက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းလှက “ကျနော်တို့က ညဥ့် ၁၂ နာရီခွဲလောက်အထိ ရိတ်ခဲ့ကြပါတယ်။ ၁ နာရီလောက်မှာ ရပ်ခဲ့တယ်။ ပြီးတော့ ထိပ်ဝပြင်ရွာမှာ ထမင်းစားပြီး အိပ်ဖို့အတွက် ပြန်လာတယ်။ အရင်လည်း ဒီလို ထားနေကျပါ။ ဒီနေ့မနက် စပါးတွေ ဆက်ရိတ်ဖို့အတွက်သွားတော့ မီးရှို့ဖျက်ဆီးခံထားရတာတွေ့တော့တာပဲ”ဟု နိရဥ္စရာကိုပြောသည်။
ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် အဆိုပါစက် ၂ လုံးတွင် အောက်ခြေဖိနပ်၊ အင်ဂျင်နှင့် သတ္တုပြားများအားလုံးပျက်စီးသွားကာ စက်ကိုယ်ထည်တစ်ခုသာ ကျန်ခဲ့ပြီး အသုံးပြု၍မရတော့ကြောင်း စက်ပိုင်ရှင်များက ဆိုသည်။
မီးရှို့ခံလိုက်ရသည့် စက် ၁ လုံး၏တန်ဖိုးမှာ ကာလပေါက်စျေး ကျပ်သိန်း ၆၂ဝ ခန့်ရှိသည်ဟုလည်း သိရသည်။
ထိပ်ဝပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘမောင်က “ဘယ်သူဘယ်ဝါ ရှို့သွားမှန်းမသိဘူး”ဟု နိရဥ္စရာကိုပြောသည်။
မီးရှို့ခံလိုက်ရသည့်စပါးရိတ်စက်ပိုင်ရှင်များသည် ယခုရွာတွင် စပါးရိတ်သိမ်းလာခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ပြီး ယင်းရွာအတွင်း ပြဿနာတစ်စုံတစ်ရာဖြစ်ပွားမှုလည်း မရှိ၍ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခံရခြင်းဖြစ်သည်ဟု အောက်သားကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းကျော်နိုင်နှင့် စက်ပိုင်ရှင်များက ပြောသည်။
“တစ်ယောက်ယောက်က မနာလိုလို့ လုပ်သွားတာလို့ထင်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားခံကိုစုံစမ်းဖော်ထုတ်ပေးစေချင်တယ်။ နောက်ထပ်ဒီလိုမဖြစ်အောင်၊ နောက်စက်ပိုင်ရှင်တွေလည်း သတိထားလို့ရအောင်လို့ပါ”ဟု စက်ပိုင်ရှင် ဦးသိန်းထွန်းလှက ဆိုသည်။
လက်ရှိတွင် မီးရှို့ခဲ့သူအား စုံစမ်းဖော်ထုတ်ပေးရန် သက်ဆိုင်ရာ ရပ်ကျေးအဆင့်တာဝန်ရှိသူများနှင့် ရက္ခိုင့်တပ်တော်(AA)တို့ထံ တိုင်ကြားထားသည်ဟုလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/4965252896820081