မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာကို စစ်သားအင်အား ၆၀နှင့် ၃ နာရီကြာ ဝင်ရောက်စစ်ဆေး

By Western News/ 2021 December 8

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကင်းဆိပ်ကျေးရွာသို့ စစ်ကား ၃စီးနှင့် စစ်သားအင်အား ၆၀ ဝန်းကျင်လောက်က ကျေးရွာသို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကျေးရွာသားများက Western News ကိုပြောသည်။

ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်း ၈ နာရီ လောက်က ကင်းဆိပ်ကျေးရွာသို့ စစ်ကား ၃ စီးဖြင့် စစ်သားအင်းအား ၆၀ ဝန်းကျင်လောက် ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်တစ်ချို့ကို ၃ နာရီအကြာ စစ်ဆေးခဲ့ကြောင်း ကင်းဆိပ်ကျေးရွာသားများ Western News ကို ပြောသည်။

“စစ်သားတွေဝင်လာမယ်လို့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ ခဏနေကြာတော့ စစ်ကားနှစ်စီး ရွာကိုဝင်လာတယ်။ ဒီမတိုင်ခင်မှာ ကျနော်တို့ရွာသားတွေက သတင်းရထားတော့ အကုန်ကြောက်ပြီးတော့ ထွက်ပြေးကြတယ်။ ကျမကတော့ ရွာမှာကျန်ခဲ့တယ်။ တန်းစီးပြီးတော့ ရွာကိုဝင်လာကြတာ။ အိမ်အချို့ကို ဝင်စစ်တယ်။ ဝင်ရှာတယ်။ ကျမအိမ်ကိုလည်း ဝင်ရှာတယ်။ ဘာမှမပြောဘူး။ ကျမလည်းကြောက်ပြီးတော့ မော့တောင်မကြည့်မိဘူး။ ဘယ်တပ်ကလည်းဆိုတာ သဲသဲကွဲကွဲမသိဘူး။ ၃ နာရီလောက်ကြာစစ်ဆေးခဲ့တယ်။ ၁၁ နာရီကျောလောက် မြောက်ဦးဖက်ကို ပြန်ထွက်သွားတယ်” ဟုပြောသည်။

ကျေးရွာအတွင်းသို့ စစ်ကားများဖြင့်ဝင်ရောက်လာခြင်းဖြစ်ပြီး ကျေးရွာအတွင်း လှည့်လည်သွားလာကာ စစ်ဆေးမှုများရှိခဲ့သည့်အတွက် ရွာသားများစိုးရိမ်မှုဖြစ်ပေါ်နေကြသည်ဟု ကင်းဆိပ်ရွာကျေးရွာမှ ဒေါ်ခင်မေစိန်(အမည်လွှဲ) ကပြောသည်။

“သူတို့က မနက်ပိုင်း လောက်က ကားတွေနဲ့ ဝင်လာကြတာ။ သူတို့ကရွာက လူကြီးတွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း လှည့်ပတ်ပြီး သွားကြတယ်။ အိမ်ထောင်စုစာရင်းတွေ စစ်တယ်။ ဓာတ်ပုံတွေရိုက်ယူကြတယ်။ တစ်ယောက်ချင်းခေါ်စစ်တာမျိုးတော့ မဟုတ်ဘူး။ ဒီလိုစစ်ဆေးမှုတွေရှိတော့ ရွာသားတွေက ဘာများဖြစ်မလဲဆိုပြီး စိုးရိမ်နေမှုတွေတော့ရှိတာပေါ့” ဟုပြောသည်။

ကျေးရွာအတွင်းသို့အဘယ်ကြောင့် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ကို မသိရှိရဟု ကင်းဆိပ်ရွာဒေသခံ ဆရာတော် မှမိန့်သည်။

“ပထမ ကား ၂ စီးဝင်လာတယ်။ နောက်ထပ်ပြီး ၁ စီးထပ်ဝင်တယ်ပေါ့။ ရွာထဲမှာ လှည့်ပြီးစစ်ဆေးမှုရှိခဲ့တယ်။ အင်အားကတော့ ၆၀ လောက်ရှိမယ်။ ခုလိုမျိုး ဘာကြောင့်လာစစ်တယ်ဆိုတာကတော့ မသိပါဘူး” ဟုမိန့်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မည့်သည့်အတွက်ကြောင့် ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့သည်ကို သိရှိနိုင်ရန် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို Western News မှဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ကင်းဆိပ် ကျေးရွာမှာ မြောက်ဦးမြို့ပေါ်ရှိ ဘုရားပေါ် ရပ်ကွက်နှင့်နီးပြီး အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/424251559381354

Leave a Reply

Your email address will not be published.