By Western News/ 2021 December 10
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာတွင် ပြီးခဲ့သော ဒီဇင်ဘာ ၈ ရက်နေ့ ညည့်အချိန်က စပါးရိတ်သိမ်းစက် ၂ လုံး မီးရှို့ခံရပြီး ကျပ်သိန်း ၁၂၀၀ ခန့် ဆုံးရှုံးသွားခဲ့သည်။
မီးလောင်ဆုံးရှုံးသွားသော စက်နှစ်လုံးမှာ စက်မှုလယ်ယာမှ ငှားရမ်းထားသော စက်တစ်လုံးနှင့် အောက်သားကန်ကျေးရွာမှ ကိုသိန်းထွန်းလှ၏ စက်တစ်လုံးဖြစ်ကြောင်း သိရှိရသည်။
ကိုသိန်းထွန်းလှက “ ကျနော်တို့ အဲနေ့က ညည့် ၁၂ နာရီကျော်အောင်အထိ ရိတ်သိမ်းခဲ့ပါသေးတယ်။ စက်ကိုသန့်ရှင်းရေးလုပ်ပြီးတော့ ကျနော်တို့ ရွာထဲကို ဝင်သွားကြတယ်။ ပေါ့ဆမီးလောင်တာတော့မဟုတ်ဘူး။ မီးရှိုးသွားတာပါ။ တကယ်လို့ ပေါ့ဆမီးဆိုရင် အဲနားမှာ စပါးပုံတွေ လယ်ကွင်းတွေရှိတယ်။ စပါးပုံတို့ လောင်မသွားဘူး။ စက်တစ်လုံးနဲ့တစ်လုံးလည်း အဝေးကြီးထားခဲ့တာ” ဟု ပြောသည်။
အဆိုပါစက်နှစ်လုံးမှာ cubota စက်အမျိုးအစားဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် စက်တစ်လုံးလျှင် ကျပ်သိန်း ၆၀၀ ကျော်ထိရှိကာ ယခုမီးလောင်ဆုံးရှုံးသွားသော စက်များအား ပြန်လည်အသုံးပြု မရတော့ကြောင်း သူကပြောသည်။
စက်မှုလယ်ယာဌာနမှ ငှားရမ်းထားသော စက်အား လျော်ကြေးပေးရမည်ဆိုလျှင်လည်း လျော်ကြေးပေးနိုင်သော အနေအထားမရှိဟု သူကဆက်ပြောသည်။
“ စက်မှုလယ်ယာက ငှားရမ်းထားတဲ့ စက်အတွက်လည်း လျော်ကြေးမပေးနိုင်တော့ဘူး။ ကျနော်တို့မှာ ပေးနိုင်တဲ့အနေအထားလည်း မရှိတော့ဘူး။ ကျနော်မှာလည်း ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားပြီ” လို့ သူကပြောသည်။
ထိုမီးရှို့မှုအားမည်သူမည်ဝါရှို့သည်ကို မသိရသေးရဘဲ ဖြစ်စဉ်နှင့်ပတ်သတ်၍ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA သို့ တိုင်းကြားထားကြောင်း ကာယကံရှင် ပြောသည်။
ယခုမီးလောင်သော နေရာသည် ထိပ်ဝပြင်ကျေးရွာရဲ့အရှေ့ဖက်မှာရှိပြီး ၎င်းနေရာတွင် ကိုသိန်းထွန်းလှ စပါးရိတ်သိမ်းလာသည်မှာ ၅ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/westernnewsagency/posts/425461315927045