မြစ်ကြီးနားအုတ်လုပ်ငန်းမှ နေရပ်ပြန်ခွင့်မရဖြစ်နေသူ ရခိုင်လူမျိုး ၁၆ ဦးအထဲမှ ၈ ဦးကို ရဲတပ်ဖွဲ့မှခေါ်ယူပြီး ရခိုင်လူမှုကူညီရေးအသင်းသို့ ပြန်လွှဲပြောင်းပေး

By Narinjara/ 2021 December 8

ချစ်အိလှိုင်

မြစ်ကြီးနားအုတ်ဖိုလုပ်ငန်းနှစ်ခုတွင် အဆင်မပြေ၍ နေရပ်ပြန်လိုသည့် ရခိုင် လူမျိုး ၁၆ ဦးအထဲမှ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး၊ ပေါင်း ၈ ဦးကို မြစ်ကြီးနားရဲတပ်ဖွဲ့က ကားဖြင့် သွားရောက်ခေါ်ယူပြီး ရခိုင်လူမှုကူညီရေးအသင်းသို့ ယမန်နေ့ ည ၈ နာရီခန့်က လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

နေရပ်ပြန်ခွင့်ရခဲ့သူများမှာ မြစ်ကြီးနားမြို့နန်းကွေ့ဘူတာအနီးမှ အေသုံးလုံး အုတ်ဖိုတွင် အလုပ်လုပ်နေသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယာချောင်းကျေးရွာမှ မောင်ကျော်ဝင်းထွန်း(၁၅)နှစ်၊ ဒေါ်ယဉ်ယဉ်အေး (၅၃)နှစ်၊ ဦးမောင်သန်းစိန်(၅၇)နှစ် ၊ တန်ဘက်လှန်းကျေးရွာမှ မမိုးဦးနွယ်(၂၄)နှစ်၊ မောင်ကျော်ကျော်နိုင်(၂၁)နှစ်၊ ကျွန်းတောင်ကျေးရွာမှ ဒေါ်အေးဆန်းချေ (၃၆)နှစ်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းကြီးဖျားကျေးရွာမှ ဒေါ်သန်းရွှေ(၄၉)နှစ်နှင့် ပြိုင်းစစ်ကေကျေးရွာမှ ဒေါ်စောရွှေနု(၅၃)နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ နေရပ်ပြန်ခွင့်မရဘဲ အခက်အခဲကြုံနေရသည်ကို မြစ်ကြီးနားမြို့ အမှတ်(၂)နယ်မြေခံရဲစခန်းက နိရဥ္စရာသတင်းဌာနမှတဆင့်သိရှိခဲ့ပြီး နောက်ပိုင်း သွားရောက်စစ်ဆေးခေါ်ယူခဲ့ကာ ယခုကဲ့သို့ မြစ်ကြီးနားမြို့ရှိ ရခိုင်လူမှုရေးအဖွဲ့ထံသို့ လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဥ္စရာကို ပြောသည်။

“ ခင်ဗျားတို့ ဟိုနေ့က အကူအညီတောင်းထားတာကို ကျွန်တော်တို့ မနေ့က သွားလိုက်တယ်။ စခန်းမှူးရယ်နဲ့ နယ်ထိန်းအဖွဲ့တွေပေါ့။ အဲဒီကနေပြီးတော့မှ အေသုံးလုံးအုတ်ဖိုက ယောကျ်ားလေး သုံးယောက်ရယ်၊ အမျိုးသမီး ငါးယောက်ကိုပြန်ချင်တယ်ဆိုလို့ ကျွန်တော်တို့စခန်းကို ခေါ်လာပြီး မြစ်ကြီးနားက ရခိုင်လူမှုကူညီရေးအဖွဲ့နဲ့ပြန်အပ်ပေးလိုက်တယ်” ဟုပြောသည်။

၎င်းတို့အလုပ်ရှင်များကလည်း သဘောတူပြန်ခွင့်ပေးခဲ့သဖြင့် ၎င်းတို့၏ အသုံး စရိတ်ကျသင့်ငွေ ၅ သိန်းကို အဆိုပါရဲတပ်ဖွဲ့မှ ၂ သိန်းခွဲကျပ်နှင့် ရခိုင်လူမှုကူညီရေးအသင်းမှ ၂ သိန်းခွဲပေးအပ်ပြီး ပြန်ခေါ်လာခဲ့ကြောင်း မြစ်ကြီးနားမြို့ ရခိုင်လူမှုကူညီရေးအသင်းဝင် ဦးအောင်မြင့်နိုင်ကပြောသည်။

“ ဒီကသတင်းကိုဖတ်ပြီး ဦးလေးတို့ လူမှုကူညီရေးအသင်းကလည်း တစ်ခုခုတော့ လုပ်ရမယ်လို့ ဆွေးနွေးနေကြချိန်မှ ရဲစခန်းက ဖုန်းဝင်လာလို့ လိုက်သွားခဲ့တာပါ။ အခု ၈ ယောက်ကို ဦးလေးအိမ်အထိ ရဲက လိုက်ပို့ ပေးခဲ့ပါတယ်။ ကျန်တဲ့ ၈ ယောက်အတွက် မနက်ဖြန်မှာ သွားထုတ်ဖို့ အတွက်အစီစဉ်တွေ ဦးလေးတို့ တိုင်ပင်နေပါတယ်” ဟုပြောသည်။

နေရပ်ပြန်ခွင့်ရရှိသူ ဒေါ်အေးသန်းကြည်က “အဒေါ်တို့ ကျေးဇူးတင်လို့မဆုံးပါဘူး။ နိရဥ္စရာသတင်းဌာနကိုလည်း အရင်ကမသိဘူး။ အဆင့်ဆင့်တောင်းလို့ ဖုန်းနံပါတ်ရခဲ့တာပါ။ ပြန်ခွင့်ရလို့ ပျော်ပါတယ်” ဟုပြောသည်။

နောက်ထပ်အုတ်ဖိုတစ်ခုဖြစ်သည့် ၅၅၂ အုတ်ဖိုတွင် အသက်(၁၄)နှစ်အရွယ် မသွယ်သွယ်လင်းအပါအဝင် ၈ ဦးကျန်ရှိနေသေးသဖြင့် ၎င်းတို့အားလည်း ကူညီပေးကြရန်တောင်းဆိုလိုကြောင်း သူမက ဆက်ပြောသည်။

၎င်းတို့အား နိုဝင်ဘာ ၃ဝ ရက်နေ့က အသက်(၄ဝ)ကျော်အရွယ် ဦးစိုးနိုင်ဆိုသူနှင့် ဇနီးဖြစ်သူတို့က ကချင်ပြည်နယ်အုတ်ဖိုများတွင် လူတစ်ဦး တစ်နေ့လုပ်အားခ ၆၅ဝဝ ကျပ်နှင့် ၁ဝ ရက်စာ စားစရိတ် ၂၅ဝဝဝ ကျပ်ရရှိမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။

https://www.facebook.com/narinjara.info/posts/4958258210852883

Leave a Reply

Your email address will not be published.