မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ၅ ဆနီးပါး မြင့်တက်

By Western News/ 2021 December 10

ရခိုင်ပြည်နယ် မောင်တောမြို့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ကုန်သွယ်မှု ပမာဏမှာ အောက်တိုဘာလတွင် ကုန်သွယ်ခဲ့သည့် ကုန်သွယ်မှု ပမာဏထက် ၅ ဆနီးပါးမြင့်တက်ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

နယ်စပ်ကုန်သွယ်မှုများကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က ပြန်ဖွင့်ခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ကုန်သွယ်ခဲ့သည်။ ယင်းသို့ အောက်တိုဘာ ၂၀ ရက်နေ့က ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်း ၆ ထောင်ဖိုး ခန့် သာကုန်သွယ်နိုင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် နိုဝင်ဘာလတွင် တင်ပို့ကုန်ကုန်ပမာဏ ကန်ဒေါ်လာ ၁၅၈၃၃၃၅ အထိ ကုန်သွယ်နိုင်ခဲ့သည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်းဒုဥက္ကဌ ဦးအောင်စံသိန်း က ပြောသည်။

“နိုဝင်ဘာလမှာတော့ ကုန်သွယ်မှု ပမာဏ က ၁၅၈၃၃၃၅ ဖိုးကုန်သွယ်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ လကထက် မြင့်တက်တာပေါ့နော်။ ရေချိုငါးတွေ၊ ကြက်သွန်နီတွေအပြင် တစ်ခြားကုန်တွေလည်း တင်ပို့တာပေါ့။ တင်သွင်းကုန်တန်ဖိုးကတော့ ၁၂၄၈၅ ပေါ့။ တစ်ရက်ကို လှေ ၂ စီး ၃ စီးကတော့ ပုံမှန်ထွက်နေပါတယ်” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်မှုများကို ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က ပြန်ဖွင့်ခဲ့သော်လည်း မောင်တောရှိ နောက် ထပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကညင်ချောင်းစီးပွားရေးဇုန်မှာ လမ်းပျက်စီးမှုကြောင့် ကုန်သွယ်မှုမပြုလုပ်နိုင်သေးပေ။ မောင်တောနယ်စပ်ရှိ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန် ၂ ခုသည် တစ်လလျှင် အမေရိကန်ဒေါ် လာ အနည်းဆုံး ၁၇ သိန်းခန့်ထိ ကုန်သွယ်နိုင်သည်။

လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန်ရှိ ပျက်စီးနေသည့် လမ်းများကို ပြန်လည်ပြုပြင်နေပြီး လမ်းပြုပြင်မှုပြီးစီးလျှင် ပုံမှန်အတိုင်းပြန်လည်ကုန်သွယ်မည်ဟု မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဒုဥက္ကဌဦး အောင် စံသိန်းကပြောသည်။

ကညင်ချောင်း စီးပွားရေးဇုန်ကို ယခုနှစ် မေလ ၁၂ ရက်နေ့က စတင်ကုန်သွယ်မှုပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့ တွင်ကိုဗစ်ကြောင့် ပြန်ပိတ်လိုက်ရသည့်အတွက် လခန့်သာကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့ ကုန်သွယ်မှုပြန်ဖွင့်သည့်အခါ လမ်းပျက်စီးမှုကြောင့် ကုန်သွယ်မှုရပ်တန့်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က နယ်စပ်ကုန်သွယ်ရေးများကို ပြန်ဖွင့်ပြီးနောက် ကုန်သွယ်မှု ပြုလုပ်နေသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရွှေမင်းဂံကုန်သွယ်ရေးစခန်းတွင် အောက်တိုဘာ ၁၆ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အဆိုပါစခန်း ၂ ခုတွင် ကန်ဒေါ်လာ ၂ သန်း နီးပါးကုန်သွယ်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဖက်မှ ရေချိုငါး၊ကြက်သွန်၊ ဇီးယို၊ ဂျင်း၊ နနွင်းစသည့်တို့ကို အဓိက တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်ဖက်မှ ပလက်စတစ် လူသုံးကုန်များနှင့် မီးဖိုချောင်သုံး ဒယ်အိုး၊ ဒယ်ခွက်များကို အဓိကတင်သွင်းသည်ဟုသိရသည်။

https://www.facebook.com/westernnewsagency/posts/425640302575813

Leave a Reply

Your email address will not be published.