By Narinjara/ 2021 December 6
ထက်အောင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်တွင် မိုးသည်းထန်စွာရွာသွန်းပါက စပါးများပျက်စီးမည်ကို လယ်သမားများစိုးရိမ်နေကြသည်ဟု သိရသည်။
အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်အစောပိုင်းက မိုးအနည်းငယ်ရွာသွန်းမှုရှိခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်တွင် စပါးရိတ်သိမ်းကာလဖြစ်၍ မိုးရွာသွန်းမှုပိုများလာပါက ရိတ်သိမ်းပြီးစပါးများနှင့် မရိတ်သိမ်းရသေးသည့်စပါးများပျက်စီးသွားမည်ကို လယ်သမားများက စိုးရိမ်နေကြသည်ဟု သိရသည်။
ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ လယ်သမား ဦးမောင်ဝင်းနိုင်က “ မိုးကတော့ မိနစ် ၃၀ လောက် ရွာခဲ့ပါတယ်။ မိုးက ဒီထက်ပိုရွာလာမယ်ဆိုရင် လယ်သမားတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်။ စပါးတွေက မျိုးစေ့တွေ မအောင်ဘဲဖြစ်သွားမယ်။ ရလာတဲ့စပါးတွေ၊ ဆန်တွေကလည်း အကောင်းမစားရဘဲ ပျက်စီးသွားမယ်။ အဲဒီလိုဖြစ်လာမှာကို လယ်သမားတွေက အရမ်းစိုးရိမ်နေကြတယ်” ဟု ပြောသည်။
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်းကမ်းခြေအနီး)တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)ကြောင့် ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နောက် (၄၈)နာရီအတွင်း နေရာကွက် ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက် ၁ဝ နာရီခွဲတွင် ထုတ်ပြန်ထားသည်။
ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက “မိုးရွာသွန်းတာ ဒီထက်များလာရင်တော့ လယ်သမားတွေအတွက် အခက်အခဲတွေနဲ့ ကြုံလာနိုင်တယ်။ လယ်သမားတွေအတွက်လည်း အနှောင့်အယှက်ဖြစ်လာပြီးတော့ ဆုံးရှုံးမှုတွေလည်း ရှိလာနိုင်တယ်။ စပါးတွေအညှောင့်ထွက်သွားမယ့်အခြေအနေတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ယခုနှစ် စပါးစိုက်ရာသီအတွင်း ရခိုင်ပြည်နယ်၌ ရေကြီးမှု၊ မြေဩဇာဈေးနှုန်းမြင့်တက်ခဲ့မှုတို့အပြင် ကိုဗစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် စပါးအထွက်နှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂက နိရဥ္စရာကို ပြောဆိုထားသည်။
https://www.facebook.com/narinjara.info/posts/4952034348141936