By Western News/ 2021 December 6

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အိမ်ထောင်စု ၃၀၀ နီးပါးရှိသည့် ချောင်းဝအုပ်စု၊ ကုန်တန်းမွတ်ဆလင်ကျေးရွာတွင် အခြေခံပညာသင်ကျောင်းမရှိ၍ ကလေးများပညာရေးဆုံးရှုံးနေဟု ကျေးရွာသားနှင့် ဆရာ၊ ဆရာမများက ပြောဆိုသည်။
အဆိုပါကျေးရွာတွင် ယခင်အဆက်ဆက်ကတည်းက စာသင်ကျောင်းမရှိခဲ့ဘဲ အနီးရှိ ချောင်းဝကျေး ရွာတွင်တက်ရောက်ခဲ့ကြရပြီး ယင်းကျေးရွာတွင် ပြည်နယ်အစိုးရဖက်က မူလတန်းကျောင်းတစ်ဆောင် ဆောက်ပေးဖို့ ကျေးရွာသား များလိုလားနေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာကြည်ကပြောသည်။
“ကျွန်တော်တို့က ကလေးတွေကို အခြေခံပညာလောက်ထိပဲဖြစ်ဖြစ်တတ်မြောက်စေချင်တယ်။ အရင်တုန်းက အနီးကရွာမှာ တက်လို့ရခဲ့ပေမယ့် ခုတက်လို့အဆင် မပြေတော့ဘူးလေ။ ICRCနဲ့ UNDP ကိုတော့ တောင်းဆိုထားတာရှိပါတယ်။ အစိုးရဖက်ကိုတော့ မတင်ပြရ သေးပါဘူး”ဟုပြောသည်။
အဆိုပါကျေးရွာတွင်မူလတန်းကျောင်းလည်းမရသည့်အတွက် အနီးကကျေးရွာမှာလည်း တက်ရောက်ရန် အဆင်မပြေသည့်၍ ကျေးရွာရှိ အာရ်ဗရီစာသင်ကျောင်းတွင် ၂၀၁၂ ခုနောက်ပိုင်း ကိုယ်ထူကိုယ်ထ ပညာသင်ခဲ့ကြသည်။
၂၀၁၉ ခုနှစ်မှစကာ ကျေးရွာသားများစုပေါင်းပြီး ယာယီတဲအိမ်ဆောက်၍ KG တန်း မှ ၃ တန်းထိ ကျေးရွာရှိ လူငယ် ၃ ဦးက ဦးဆောင်စာပြပေးနေသည် ဟုဆိုသည်။ လက်ရှိတွင် KG တန်းမှ ၃ တန်းထိ စာသင်နေသည့် ကလေးငယ် ၁၈၆ ဦးထိရှိသည် ဟုစာသင်ပြပေးနေသည့် ဆရာတစ်ဦးဖြစ်သူ ဦးမောင်မောင်အေးကပြော သည်။
“ကျွန်တော်က ပညာတတ်တော့ မဟုတ်ပါဘူး။ ၂၀၁၂ခု နှစ်တုန်းက ဆယ်တန်းပညာကို ၅ လလောက်ပဲသင်ခဲ့ ရပါတယ်။ နောက်ပိုင်းလည်း ကျောင်းမတက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလေးတွေကို ကိုယ်တတ်နိုင်တဲ့ဖက်က ကိုယ်တတ်သလောက်ကို သင်ပြပေးနေတာပါ။ ဖြစ်နိုင်ရန်တော့ စာသင်ကျောင်းမှာ သူတို့တက်ရရင် ပို ကောင်းမှာပါ”ဟုပြောသည်။
၄ တန်းမှ ၇ တန်းထိကျောင်းသား ကျောင်းသူများသည် ၁ နာရီနီးပါးလောက် လမ်းလျှောက်သွားရသည့် ပြိုင်းတောင်အုပ်စု၊ စစ်ကဲပြင် မွတ်ဆလင်ကျေးရွာတွင် ကျောင်းတက်နေရပြီး ၈ တန်းမှ ၁၀ တန်းပညာရပ်ထိသင်ကြားချင်လျှင် စစ်တွေမြို့နယ်၊ သက်ကေပြင်ကျေးရွာတွင်သွားတက်ကြရသည်ဟု ကျေးရွာသားများကပြောသည်။
စစ်တွေမြို့နယ်၊ သက်ကေပြင်ကျေးရွာတွင် ဆယ်တန်းပညာ သင်ယူနေသည့် ဟိုက်ရိုလ်အာမိန်း (ခေါ်)မောင် ကျော်ဆန်းနိုင်က” ကျွန်တော်တို့ ငယ်ကယ်တုန်းကတည်းက ရွာမှာ ၃ တန်းထိပဲတက်ခဲ့ရပါတယ်။ ၇ တန်းထိကို စစ်ကဲပြင်သွားတက်ခဲ့တယ်။ ၈တန်းကနေ ခု ဆယ် တန်းထိ စစ်တွေ သက်ကေပြင်မှာတက်နေတာပေါ့။ ကျွန်တော့် ညီလေးက ၈ တန်း ဒီမှာတူတူတက်နေကြတာ။ ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်းထဲ ကျွန်တော်ပဲ ကျောင်း ဆက်တက်တာ ငွေကြေးမတတ်နိုင်လို့ အကုန် ဆက်မတက်ကြဘူး။ ကျွန်တော်တို့ရွာမှာ မူလတန်း ကျောင်း တစ်ဆောင်ချပေးချင်ပါတယ်။ နောက်လာမယ့် သူတွေအတွက် မခက်ခဲအောင်ပေါ့”ဟုပြောသည်။
အဆိုပါကျေးရွာတွင် အခြေခံပညာသင်ကျောင်း လိုအပ်မှုနှင့်ပတ်သတ်၍ စာတင်ပြတောင်းဆိုခြင်းမရှိကြောင်းနှင့် တင်ပြတောင်းဆိုလာလျှင် တတ်နိုင်သည့် ဖက်ကလုပ်ဆောင်ပေးမည်ဟု ပေါက်တောမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ကပြောသည်။
“သူတို့က အမှန်တကယ် စာသင်ကျောင်း လိုအပ်တယ် ဆိုရင်တော့ ကျွန်တော်တို့ ပညာရေးဖက်ကို စာတင် ပြတောင်းဆိုရမှာပါ။ အဲ့အခါကျမှ နိုင်ငံတော်ဖက်က ဆရာ၊ ဆရာမတွေချပေးတာပါ။ အစမှာတော့ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်လုပ်ပေးရတာပေါ့။ ခုကအဲ့လိုမျိုး စာတင်ပြတောင်း ဆိုထားတာမရှိသေးပါဘူး”ဟု ပြောသည်။
ကုန်တန်းကျေးရွာတွင် အိမ်ထောင်စု ၂၈၉ စုနှင့် လူဦးရေ အားဖြင့် ၁၄၃၇ ဦးရှိပြီး ယင်းထဲမှာ မူလတန်း ကျောင်းနေအရွယ် ၁၈၆ ကျော်အပြင် အလယ်တန်း၊အထက်တန်းကျောင်းတက်ရောက်နေကြသူ ၂၇၀ ခန့်ရှိ သည်ဟုသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာသည့်အတွက် ကျောင်းများကို ပိတ်ထားခဲ့ပြီး ၃ လ အကြာနိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/423131989493311