By Voice of Westland/ 2021 December 5
စောထွန်း

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကျေးရွာ ၉ ရွာမှ ဒေသခံကျေးရွာသားများအား ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်ကောင်စီမှ လူဦးရေစာရင်းကောက်ယူနေကြောင်း ဒေသခံများကပြောသည်။
အဆိုပါကောက်ခံနေမှုမှာ ပလက်ဝမြို့အခြေစိုက် ခလရ(၂၈၉) တပ်ရင်းမှ တာဝန်ရှိသူတို့က ပလက်ဝမြို့အနီး တဝိုက်ရှိကျေးရွာ ၉ ရွာမှ တာဝန်ခံများအား နိုဝင်ဘာလကုန်ပိုင်းလောက်က ခေါ်ယူတွေ့ဆုံပြီး ပြည်သူ့စစ်ဖွဲ့ စည်းရန်အတွက် လူဦးရေအနည်းများပေါ်မူတည်၍ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက “ ပြည်သူ့စစ်ဖွဲ့ဖို့လူစာရင်းခေါ်ထားတာ။ ဖွဲ့တော့မဖွဲ့ရသေးဘူး။ လူစာရင်းက ရွာတရွာကနေအမာခံ ၁၀ ယောက်၊ အရံ ၂၀ စုစုပေါင်း လူ ၃၀ စာရင်းပေးရတာပေါ့။ ကျနော်တို့ရွာကလည်း စာရင်းပေးထားပြီ။ ရွာပေါင်း ၉ ရွာလောက်ကိုကောက်နေတာလို့သိရတယ် ” ဟု အမည်စာရင်းကောက်ခံနေသည့်ကျေးရွာမှ ဒေသခံတစ်ဦးက Voice Of Westland သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပလက်ဝမြို့နှင့်အနီးတစ်ဝိုက်ကျေးရွာများဖြစ်ကြသည့် အောက်မီးလက်ဝ၊ လောင်းဂဒိုး၊ စိမ်းစင်း၊ ငပွေ၊ အန်ခို၊ စီးဖလောင်း၊ တမန်းသား၊ ကင်ဝ၊ ကြက်ဥဝ စသည့်ကျေးရွာ ၉ ရွာတွင် စတင်ဖွဲ့စည်းရန်စီစဉ် နေခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများ၏ ပြောပြချက်အရသိရသည်။
ယင်းသို့ ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်ကောင်စီကစီစဉ်နေရခြင်းမှာ ပလက်ဝမြို့နယ် ကလက်ချောင်းဒေသသို့ ချင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF တို့ ဝင်ရောက်လှုပ်ရှားနေမှုကို ကာကွယ်ရန်အတွက်ဖြစ် နိုင်ကြောင်းလည်း ဒေသခံများကသူတို့၏ အမြင်များကိုပြောပြသည်။
“ ရွာသားတွေက မလိုချင်ကြဘူးပြောတော့။ မဲစနစ်နဲ့လုပ်ပါတဲ့။ ကလက်ချောင်းဘက်မှာ CDF အဖွဲ့တွေ ရောက်လာကြတယ်လို့ကြားတယ်။ အဲဒါကို ကာကွယ်ဖို့ ခုခံဖို့အတွက်လုပ်ဆောင်တာလို့ထင်တယ်။ ကျနော်တို့က ဟိုဘက်ကိုလည်းကြောက်ရ၊ ဒီဘက်လည်းကြောက်ရဖြစ်တယ်ပေါ့ ” ဟု အဆိုပါ ဒေသခံကဆိုသည်။
ယင်းသို့ ပြည်သူ့စစ်ဖွဲ့ရန်အတွက် အသက် ၁၈ နှစ်မှ ၅၀ နှစ်အကြား ရွာသားများကို ခေါ်ယူခြင်းဖြစ်သလို
လက်ရှိတွင် စစ်ကောင်စီတပ်အတွင်းမှာ အင်အားမလုံလောက်ခြင်းကြောင့် ရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကျေးရွာသားများကဆိုသည်။
ပြည်သူ့စစ်ဖွဲ့စည်းရန် စာရင်းကောက်ယူနေသည်ဆိုသော ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOW က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့်ထိစပ်နေပြီး ယခင်က ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ ပလက်ဝမြို့နယ်အပါအဝင် ဆမီးမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံနေကြရဆဲလည်းဖြစ်သည်။