By Western News/ 2021 December 12

မြောက်လေပြေကလေး တသွင်သွင်တိုက်ခိုက်နေသော ယခုဆောင်းရာသီသည် ခရီးသွားရန် အကောင်းဆုံးအချိန်ပင်ဖြစ်ပေသည်။ ရခိုင်တို့သည် ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အထိ ခရီးသွားလာခြင်းများကို ရပ်တန့်ခဲ့ရပေသည်။ ထိုကာလသည် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA တို့ကြား စစ်ရေးအပြင်းအထန်ဖြစ်နေသော ကာလဖြစ်သလို ဒီကြားထဲ ကိုဗစ်က တဖန်ပြန်ဖြစ်လာသည့်အတွက် အိမ်တွင်းအောင်းနေရသော အဖြစ်မျိုးကို ရခိုင်အပါအဝင် တစ်ကမ္ဘာလုံးခံစားဖူးခဲ့ရပြီဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဝရုန်းသုန်းကားဖြစ်နေသော်လည်း ရခိုင်ဒေသည် အေးချမ်းနေသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ပြည်သူများသည် ၂ နှစ်တာ အိမ်တွင်းပုန်းနေရသည့် စိတ်အညစ်အကြေးများကို ဆေးကြောရန် ခရီးသွားလာဖို့ အားခဲနေကြသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်၏ ဆောင်းရာသီဘုရားပွဲတော်များတွင် ပထမဆုံးပွဲတော်ဖြစ်သည့် ဘဲငါးရာ ဘုရားပွဲတော်ကိုလည်း လူဦးရေသောင်းချီပါဝင်ဆင်နွှဲခဲ့ကြသည်။ ဘဲငါးရာတောင်တက်ပွဲကို နှစ်စဥ် တန်းဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင်တောင်တက်ကြပြီး ၁၅ ရက်နေ့တွင် ပြန်လည်ဆင်းကြပေသည်။ ဘဲငါးရာတောင်တက်ပွဲသို့ စာရေးသူကိုယ်တိုင် မသွားဖြစ်ခဲ့သော်လည်း တောင်တက်သူတို့၏ စိတ်နှလုံး မည်မျှအေးချမ်းသာယာနေသည်ကို သူတို့၏ လူမှုကွန်ယက်ကို ကြည့်ခြင်းဖြင့်သိနိုင်ပေသည်။ မုဒိတာပွားစရာလည်း ဖြစ်ပေသည်။
ဆောင်းရာသီပွဲတော်များ၏ ဒုတိယပွဲတော်တစ်ခုဖြစ်သော သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲတော်သည်လည်း ရခိုင်ပြည်နယ်မှ ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်ပေသည်။ နှစ်စဥ်လူဦးရေပေါင်း သောင်းချီပါဝင်ဆင်နွှဲသော ပွဲတော်တစ်ခုလည်းဖြစ်ပေသည်။
ဆံတော်ရှင်ပွဲတော်ကို နှစ်စဥ် နတ်တော်လဆန်း ကနေ လပြည့်ကျော်တစ်ရက်နေ့အထိကျင်းပလည်းရှိကြသည်။ ယခုနှစ်တွင်လည်း ဆံတော်ရှင်ဘုရားပွဲတော်ကို ၈ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပေသည်။
ဆံတော်ရှင်ဘုရားပွဲတော်သည် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ မြေငူကျွန်း၏တောင်ဘက် အနောက်ကမ်းခြေရှိ နီလပဗ္ဗတတောင်ပေါ်တွင် တည်ရှိသောသမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပေသည်။
ဆံတော်ရှင်ကျွန်းသည် စစ်တွေနှင့်ဆိုလျှင် ရေမိုင် ၁၈ မိုင်ကွာဝေပြီး၊ ပေါက်တောနှင့်ဆိုလျှင် မိုင် ၃၀ ကွာဝေးကြောင်းသိရှိရသည်။ ရေပတ်လည်ဝန်းရံထားသော ကျွန်းဖြစ်သည့်အတွက် ရေကြောင်းခရီးတစ်ခုတည်းဖြင့်သာ သွားလာနိုင်ပေသည်။
ရေပတ်လည်ဝန်းရံထားသော မြေငူကျွန်းဆံတော်ရှင်ဘုရားသို့ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏာကျွန်းစသောမြို့နယ်များမှ အမြန်ယာဥ်များ၊ ဘုတ်များဖြင့် သွားရောက်လေ့ရှိကြပြီး လမ်းခရီးတစ်လျှောက်တွင် ဘုတ်ပေါ်မှ ဆောင်းခိုငှက် (စင်ရော်ငှက်များ) ပျံဝဲနေကြသည်မှာ ကြည်နူးစရာကောင်းလှပေသည်။ ၄င်းအပြင် ဆီးနှင်းများနှင့်အတူ ပွဲကြည့်တောင်၊ ရဖီးချပ်တောင်တို့၏ စွဲမက်စရာကောင်းလှသော သဘာဝအလှတရားများက ဆံတော်ရှင်ဘုရားပွဲသို့သွားရန် တွန်းအားပေးနေသလိုဖြစ်နေပေသည်။
လမ်းခရီးတစ်လျှောက်လုံး အသံချဲ့စက်များမှ ဘုရားဖူးသီချင်းသံများ၊ ဘုတ်တစ်စီးနှင့်တစ်စီး အနီးကပ်သွားလျှင် ဘုတ်ပေါ်ရှိလူများက တခြားဘုတ်တွင်လိုက်ပါလာသောလူများအား စလိုက်၊ နောက်လိုက်နှင့် လက်ပြနုတ်ဆက်နေကြသည်မှာလည်း ဝမ်းသာစရာပင် မဟုတ်ပေလော။ မြို့ပြတွင် မရရှိနိုင်သော အငွေ့အသက်များ၊ နွေးထွေးမှုများကို ခရီးသွားခြင်းက ရရှိခဲ့ကြသည်ပေသည်။
စိုးမဲကျီဆိပ်ကမ်းသို့ရောက်လျှင် ကမ်းခြေရှိကျောက်တုံးများအပေါ် အဖြူရောင်လှိုင်းကလေးများ ပုတ်ခတ်နေသည်မှာ ဘုတ်စီး၍ပင်ပန်းလာနေသော ခရီးသည်များအား စိတ်ကြည်လင်အောင် ဖျော်ဖြေပေးနေသလားဟုပင် ထင်မှတ်ရပေသည်။
ယခင်နှစ်များက ဆံတော်ရှင်ဘုရားပွဲသို့သွားလျှင် တစ်တောင်တက်၊ တစ်တောင်ဆင်း တောလမ်းခရီးဖြင့်သွားခဲ့ရပေသည်။ လမ်းခရီးတစ်လျှောက် သစ်ပင်ချုံနွယ်များထူထပ်နေသဖြင့် နေပူပြင်းပြင်းထဲသွားလာနေရသည်နှင့်စာလျှင် အများကြီး သက်သာလှပေသည်။
မောပန်းလာလျှင် သစ်ပင်ကြီးများ၏ အရိပ်အာဝါသက ခရီးတစ်ထောက်နားဖို့ လက်ယပ်ခေါ်နေသလားဟု အောက်မေ့ရပေသည်။
ဆံတော်ရှင်ဘုရားပွဲတော်တွင် ဆီးမီးတစ်ထောင်ပန်းတစ်ထောင်ပူဇော်ပွဲ၊ ရခိုင်ရိုးရာဇာတ်သဘင်ပွဲများနှင့် တခြားပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ကြသည်။
ဆံတော်ရှင်စေတီတော်မြတ်အပြင် မြတ်ဗုဒ္ဓ၏ခြေတော်ရာ၊ ဝေသာလီခေတ်မှသိမ်တော်ရာ၊ စတုပါစေတီများကိုလည်း သဘာဝအတိုင်းတည်ရှိနေသော တောလမ်းအတိုင်း သွားရောက်ဖူးမျှော်နိုင်ပါသေးသည်။ ဆံတော်ရှင်ကမ်းခြေသည် ကျောက်ချွန်၊ ကျောက်ဆောင်၊ သဲသောင်ပြင်များဖြင့် လှပသော ကမ်းခြေတစ်ခုဖြစ်ပြီး ပင်ပြင်လယ်နောက်ခံဖြင့် သောင်းသောင်းဖြဖြဓာတ်ပုံရိုက်နေကြသော ခရီးသည်များ၏ အပြုံးသည်ကား ချစ်စရာကောင်းလှပေသည်။
သို့သော် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစ၍ ဆံတော်ရှင်လမ်းအား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန်းနိုင်နှင့်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဝန်ထမ်းမိသားစုများက ကျပ်သိန်း ၁၀၀၀ ခန့်အကုန်ကျခံကာဖောက်လုပ်ခဲ့ကြသည်။
အဆိုပါလမ်းအားဖောက်လုပ်ရခြင်းမှာ သက်ကြီးရွယ်အိုများ ဘုရားဖူးသွားလာနိုင်အောင် ကား၊ သုံးဘီး၊ ဆိုင်ကယ်များ သွားလာနိုင်ရေးအတွက် စေတနာသဒ္ဒါတရားထက်သန်ပြီး ဖောက်လုပ်ရခြင်းဖြစ်သည်ဟု ဦးသန်းနိုင်က မီဒီယာများမှာပြောဆိုထားသည်။
၄င်းအပြင် ရဟန်းသံဃာတော်များ တည်းခိုနားနေနိုင်ရန်အတွက် ဆံတော်ရှင်စေတီတော် အရှေ့ဖက်စောင်းတန်းတွင် သိန်း ၈၀၀ တန်ဖိုးရှိသည့် နှစ်ထပ်ဓမ္မာရုံတစ်ဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းထားခဲ့ပါသည်။
ဗုဒ္ဓဘာသာတို့၏ အယူအဆအရ လမ်းတံတားဖောက်လုပ်လှူဒါန်းခြင်း ရဟန်းသံဃာတော်များ နားခိုနိုင်ဖို့အတွက် ဓမ္မာရုံလှူဌာန်းခြင်းကို ကြည့်ခြင်းအားဖြင့် ဦးသန်းနိုင်၏ အလှူနိုင်ကား သာဓုအနုမောဒနာ ခေါ်စရာပင်ဖြစ်ပေသည်။
သို့သော် ၄င်းလမ်းမှာ မိုးရာသီအတွင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်အတွက် သုံးဘီး၊ ကား၊ ဆိုင်ကယ်များ သွားလာ၍မရဘဲ လူသွားလာနိုင်ရန်အတွက်သာ ပြုပြင်နိုင်သေးသည်။
လမ်းဖောက်လုပ်ရန် သစ်ပင်ချုံနွယ်များကို ခုထွင်ရှင်းလင်းလိုက်ရသည့်အတွက် ဆံတော်ရှင်ဘုရားသို့သွားရာတွင် ယခင်ကလို့အရိပ်အာဝါသကောင်းကောင်းရှိတော့မည်မဟုတ်ဘဲ နေပူပြင်းပြင်းမှာ ဖုန်းထူထူထနေသော ခရီးလမ်းကြမ်းကို ဖြတ်ကျော်ရမည်ဖြစ်ပေသည်။
ကား၊ ဆိုင်ကယ်များအဆင်ပြေသွားလာနိုင်ရန် လမ်းဖောက်လုပ်လှူခဲ့သော ဦးသန်းနိုင်၏ စိတ်ဓာတ်မှာ လေးစားစရာကောင်းသော်လည်း ယခုနှစ်အတွင်း အဆိုပါလမ်းတွင် ကား၊ ဆိုင်ကယ်များ သွားလာ၍မရသလို နောက်နှစ်များတွင်လည်း ၄င်းလမ်းတွင် ကား၊ ဆိုင်ကယ်များသွားလာနိုင်မည်လားဆိုသည်မှာလည်း မသေချာသေးပေ။
အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်တွင် နဂိုကတည်းက ရှိနေပြီးသားလမ်းများပင် မပြုပြင်နိုင်ဘဲ ပျက်စီးနေကြသည်မဟုတ်ပေလာ။ ထို့ကြောင့် ဆံတော်ရှင်လမ်းအား မပြုပြင်နိုင်လျှင် တစ်နှစ်ထက်တစ်နှစ် ဆိုးရွားစွာပျက်စီးနေပေလိမ့်မည်။
၄င်းအပြင် စဥ်းစားစရာကောင်းသည်တစ်ချက်မှာ ဦးသန်းနိုင်အနေဖြင့် သဲခုံ- ဆံတော်ရှင်လမ်းကို ဆက်မလုပ်ဘဲ စိုးမဲကျီး-ဆံတော်ရှင်လမ်းကို ဖောက်လုပ်ခဲ့သည့်အချက်မှာ စိတ်ဝင်စားစရာကောင်းလှပေသည်။
သဲခုံ- ဆံတော်ရှင်လမ်းကို ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်ရန်ပုံငွေ ကျပ်သန်း ၁၆၆၀ အကုန်ကျခံခါ မိုင် ၂၀ ရှည်လျားသောလမ်းအား ဖောက်လုပ်ခဲ့ကြောင်းသိရှိရသည်။ ၄င်းလမ်းအား ရိုးမြေကျကုမ္ပဏီနှင့် ဦးသန်းနိုင်မိသားစုကုမ္ပဏီတို့က ဖောက်လုပ်ခဲ့ကြောင်းသိရှိရသည်။
ယခုအချိန်တွင် အဆိုပါလမ်းမှာလည်း မိုးရာသီအတွင်း ရေတိုက်စားမှုများကြောင့် ဆိုးရွားစွာပျက်စီးနေပြီဖြစ်သည်။ သို့သော်၄င်းလမ်းအား အစိုးရမှလည်း ဆက်လက်ပြုပြင်ခြင်းမရှိသလို့ ပြည်သူများမှလည်း ဆက်လက်ပြုလုပ်ခြင်းမရှိပေ။ ယခုဆိုလျှင် သဲခုံ- ဆံတော်ရှင်လမ်းနှင့် စိုးမဲကျီ-ဆံတော်ရှင်လမ်းနှစ်ခုစလုံးမှာ ဆိုးရွားစွာ ပျက်စီးသွားကြပြီဖြစ်သည်။ ၄င်းလမ်းများအား နောက်နှစ်များတွင် အစိုးရအနေဖြင့် အကောင်အထည်ဖော် လုပ်ဆောင်မည်လားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှပေသည်။
သို့သော် ပျက်စီးနေသောဆံတော်ရှင်လမ်းအား တပ်မတော်သားများနှင့်ရဲများက လမ်းပြုပြင်ရန် အကြောင်းပြချက်မဖြင့် ဒီဇင်ဘာ ၃ ရက်နေ့ကနေရောက်ရှိနေပြီး ယခုအချိန်ထိ ပြန်သွားခြင်းမရှိသေးဟုသိရှိရသည်။
ရက္ခိုင့်တပ်တော် (AA) ကလည်း ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြည်သူများအနေဖြင့် ဆံတော်ရှင်ဘုရားပွဲသို့သွားရောက်မည့်အကြောင်းကို ဆင်ခြင်သုံးသပ်ရန်နှင့် စစ်ရေးသတိထားရှိဖို့ ထုတ်ပြန်ထားရာ ယခုနှစ်ဆံတော်ရှင်ဘုရားပွဲတော်မှာ ယခင်နှစ်များကလို စည်းကားမည်မဟုတ်ပေ။ ရောက်ရှိလာသော ခရီးသည်များကိုလည်း နေပူပြင်းပြင်းမှာ ဖုန်ထူထူထနေသောလမ်းက ကြိုဆိုနေပေလိမ့်မည်ဖြစ်ပါသည်။
Western News-WN
ခိုင်ရန်နိုင် ရေးသားသည်
https://www.facebook.com/westernnewsagency/posts/427371792402664