By Western News/ 2021 December 7
အစိုးရနှင့် မြန်မာစစ်တပ်မှ ရခိုင်ပြည်နယ်အတွင်း လူအခွင့်ရေးချိုးဖောက်မှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ဖမ်းဆီးထောင်ချခံထားရသည့် ရခိုင် ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦး၏ အယူခံလွှာအား ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်၌ အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ကြသည်ဟု ရှေ့နေကပြောသည်။
ယနေ့တွင် ဖြစ်စဉ်တစ်ခုတည်းအပေါ်တွင် အပြစ်နှစ်ခါ ပေးထားသောကြောင့် တစ်ခုတည်း ပြုလုပ်ပေးရန်နှင့် ကျောင်းသားများဖြစ်သည့်အတွက် အမြင့်ဆုံးပြစ်ဒဏ်မှ လျှော့ချရန် လျှောက်လဲချက်တွေပြုလုပ်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က Western News ကိုပြောသည်။
“ဒီနေ့တော့ အယူခံလွှအပြီးသတ်ကြားနာခဲ့ကြတယ်။ ဘယ်နေ့ အမိန့်ချမှတ်မယ် ဆိုတာတော့ မသိရသေးဘူး။ အမြန်ဆုံး ၁၀ ရက်နဲ့ အကြာဆုံးတစ်လပေါ့။ ကျွန်တော်တို့ ဖက်ကတော့ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ အရ ဖြစ်စဉ်တစ်ခုတည်းအပေါ် အပြစ်အနှစ်ပေးထားမှုအား တစ်ပေါင်းတည်း ပြုလုပ်ပေးဖို့လျောက်လဲခဲ့ပါတယ်။ နောက်တစ်ခုက ကျောင်းသားများဖြစ်တဲ့အတွက် ၅၀၅(ခ) နဲ့ထောင်ဒဏ် ၂ နှစ်ချမှာတာဟာ အမြင့်ဆုံးဖြစ်တယ်။ ပြီးတော့ ဘေးစီမံ(၂၉)အတွက် ထောင်ဒဏ် ၆ လဟာလည်း အမြင့်ဆုံးဖြစ်တဲ့အတွက် ကျောင်းသားများဖြစ်တဲ့အတွက် ပြစ်ဒဏ်အား လျော့ချဖို့လည်း လျောက်လဲခဲ့တယ်”ဟုပြောသည်။
ထောင်ဒဏ်ချမှတ် ခံထားရသည့် အဆိုပါကျောင်းသား ၄ ဦးမှာ အမှုကို ၁ နှစ်နီးပါးကြာ ရင်ဆိုင်ခဲ့ရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)အတွက် ထောင်ဒဏ် ၂ နှစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉)အတွက် ထောင်ဒဏ် ၆ လအဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
၎င်းတို့ ၄ ဦးအားထောင်ဒဏ်ချမှတ်ပြီးနောက် စစ်တွေခရိုင်တရားရုံးတွင် အယူခံလွှာ တင်သွင်းခဲ့သော်လည်း စက်တင်ဘာလ ၂၃ ရက်နေ့က ပယ်ချခဲ့သဖြင့် ကျောင်းသားများ၏ ဆန္ဒအရ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု ဆက်လက်တင်ခဲ့ခြင်းဖြစ်သည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
အဆိုပါကျောင်းသား ၄ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ ကျောင်းသား ၄ ဦးအား နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၉ စသည့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/423708992768944