တရားသူကြီး အပြောင်းအလဲဟုဆိုကာ လက္ကာကျေးရွာသားများအမှုအား အပြီးသတ်အမိန့်မချနိုင်ဘဲ ထပ်မံရွေ့ဆိုင်း

By Western News/ 2021 December 3

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ၂ နှစ်ကျော်ကြာတရားရင်ဆိုင်နေရသည့် လက္ကာကျေးရွာသားများ၏ အမှုအား တရားသူကြီးအပြောင်းအလဲဟုဆိုကာ အပြီးသတ်အမိန့် ချနိုင်ခြင်းမရှိဘဲ ထပ်မံချိန်းဆိုလိုက်သည်။

ဒီဇင်ဘာ ၃ ရက်နေ့ ယနေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချက်မှတ်ရန် ချိန်းဆိုထားသော်လည်း လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော် ရှေ့နေဦးအောင်စစ်မင်းက Western News ကိုပြောသည်။

“ ဒီနေ့က တရားသူကြီး အသစ်ဖြစ်လို့ နှစ်ဖက်ရှေ့နေတွေက ဒုတိယအကြိမ်အပြီးသတ် လျှောက်လဲချက်ပေးကြတယ်။ လာမည့် ဒီဇင်ဘာ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုထားတယ်” ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက လက္ကာကျေးရွာသားများအမှုအားအပြီးသတ်အမိန့်ချရန်အတွက် ချိန်းဆိုထားသော်လည်းတရားသူကြီး အပြောင်းအလဲကြောင့်ဟုဆိုကာ အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းအား ၄ ကြိမ်မြောက်သို့ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ရုံးချိန်းအား အကြိမ်ကြိမ်ချိန်းဆို နေခြင်းအား ကျေနပ်မှု မရှိဟု အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဦးမောင်ကြီးယေ၏ ဇနီး ဒေါ်အနီမေက Western News ကိုပြောသည်။

“ ဒီနေ့ရုံးချိန်းမှာလည်း အမိန့်မချဘဲ ဒီဇင်ဘာ ၁၇ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်။ ဘာတွေကို စစ်ဆေးတယ်ဆိုတာ ကိုလည်းမသိရဘူး။ တရားခွင်ထဲ ကိုမိသားစုဝင်တွေလည်း မဝင်ကြရဘူး။ အမိန့်ချရမယ့် ဟာကို အမိန့်မချဘဲ နောက်တစ်ပတ်၊ နောက်တစ်ပတ်ဆိုပြီး ချိန်းဆိုနေတော့ နစ်နာမှုရှိတာပေါ့။ အခုလို အမိန့်မချဘဲ ရုံးချိန်းတွေ အကြိမ်ကြိမ် ချိန်းဆိုနေတာကိုလည်း ကျေနပ်မှုမရှိဘူး။ ဘာတစ်ခုမှလည်း အဖြေမထွက်ဘဲ ရုံးချိန်းဘဲထပ်ချိန်းနေတယ် “ဟုပြောသည်။

လက္ကာကျေးရွာသား ၂၃ ဦးကို AAနှင့် ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဗိုလ်ကြီးထင်လင်း နှင့် ဒုရဲအုပ်ဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ) နှင့်လက်နက်အရေးပေါ်စီမံအက်ဥပဒေ ၂(၁)(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။

လက္ကာကျေးရွာသားအမှုတွင် ရာဇဝတ်ကြီးအမှတ် ၅၉/၂၀၂၀ အမှု လက်နက်အရေးပေါ်စီမံအက်ဥပဒေ ၂(၁)(က) အတွက် တရားခံများအား အပြစ်မရှိဟုဆိုကာ တရားရုံးက အဆိုပါအမှုအတွက် လွှတ်ပေးလိုက်သည်။

အဆိုပါ လက္ကာကျေးရွားသားများအမှုတွင် အမှု ၃ ခုအတွက် တရားလိုနှစ်ဦးရှိကာ လိုပြသက်သေပေါင်း ၉၀ ဦးကျော်ခန့်ရှိပြီး ၂ နှစ်ကျော်ကြာ အမှုရင်ဆိုင်နေကြရသည်။

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲခံထားရသူ ၉၀ ကျော်ကို စစ်ကောင်စီက လွှတ်ပေးခဲ့သော်လည်း ယင်းအထဲတွင် လူသိများသည့် လက္ကာ၊ ကျောက်ဆိပ်အမှုတို့မှ တစ်ဦးမျှလွတ်မြောက်လာခဲ့ခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/421138889692621

Leave a Reply

Your email address will not be published.