By Narinjara/ 2021 December 10
သဥ္ဇာနွယ်

မြန်မာတစ်နိုင်ငံလုံးရှိ မီးသတ်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇနီး/ခင်ပွန်းများစာရင်းကို မြန်မာနိုင်ငံမီးသတ်ဌာနချုပ်က စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
အဆိုပါစာရင်းကို ဒီဇင်ဘာ ၈ ရက်က ကောက်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ကောက်ယူနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူးချုပ် စောထွန်းက လက်မှတ်ရေးထိုးကာ ဒီဇင်ဘာလ ၇ ရက်တွင် အကြောင်းကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ယင်းစာတွင် “မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်)၊ ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မီးသတ်ဦးစီးမှူးရုံးခရိုင်၊ မြို့နယ်မီးသတ်စခန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များ၏ ဇနီး/ခင်ပွန်းများစာရင်းအား အတိအကျစာရင်းပြုစုထားရှိရန်လိုအပ်သောကြောင့် ၎င်းတို့အား အသက် ၅၀ နှစ်နှင့်အထက်၊ အသက် ၅၀ နှစ် အောက်၊ ကိုယ်ဝန်သည်စာရင်းများစသည်ဖြင့် ခွဲခြားပြီး ဒီဇင်ဘာ ၈ ရက်တွင် ပြုစုပေးပို့ရန်”ဟု ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က “ဒါကတော့ ကောက်နေကျပါ။ မိသားစုဝင်တွေ ကိုဗစ်ဆေး ထိုး/မထိုး စာရင်းကိုစစ်တာ”ဟု နိရဥ္စရာကိုပြောသည်။
မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးဦးထွန်းရွှေခိုင်ကလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန်ကောက်ယူခြင်းဖြစ်ပြီး အခြားကိစ္စကြောင့် ကောက်ခံခြင်းမဟုတ်ဟု ပြောသည်။
ရခိုင်တစ်ပြည်လုံးတွင် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၇ဝဝ ကျော်ရှိသည်ဟုလည်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
https://www.facebook.com/narinjara.info/posts/4965911033420934