By Western News/ 2021 December 5
လာမည့် ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၂၀ ရက်အထိ ကျင်းပမည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ဘုရားသွားလမ်းတောက်လျှောက်တွင် မြန်မာ့စစ်တပ်က နေရာယူထားပြီး စစ်ဆေးမှုများ လုပ်နေသည့်အပေါ် ဒေသခံများစိုးရိမ်မှုများရှိနေကြသည်။
စစ်တပ်က အင်အား ၁၀၀ ကျော်နှင့် ရဲတပ်ဖွဲ့များက ဒီဇင်ဘာ ၃ ရက်နေ့က ဇက်ရေယာဉ်ဖြင့် စောမဲကျီကျွန်းသို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၄ ရက် နေ့မှစတင်ကာ စောမဲကျီကျေးရွာနှင့် ဆံတော်ရှင်ဘုရားသွားလမ်းတောက်လျှောက် နေရာယူထားပြီး စစ်ဆေးမှုများ လုပ်နေကြောင်း ဒေသခံများကပြောသည်။
လမ်းတစ်လျှောက်တွင် စစ်တပ်အင်အား ၁၀၀ ကျော်ခန့်ပါရှိပြီး ရိက္ခာအပြည့်အစုံ လက်နက်အပြည့်အစုံဖြင့် နေရာယူထားသည့်အပြင် လမ်းသွားလမ်းလာများကို စစ်ဆေးမှုများရှိနေသည်ဟု စောမဲကျီကျေးရွာ မှဒေသခံတစ်ဦးကပြောသည်။
” အရင်နှစ်တွေကလည်း ပွဲကျင်းပတော့ စစ်တပ်က မရှိခဲ့ဘူး ။ ဆိုတော့ ဒီနှစ်မှာလည်း သူတို့ကို မရှိစေချင်ဘူး။ သူတို့ ရောက်နေတော့ ဈေးရောင်းသူတွေကြောက်လန့် နေကြတယ်။ အသွားအလာတွေကိုလည်း စစ်ဆေးတာတွေရှိတယ်” ဟုပြောသည်။
ယခုကဲ့သို့ စစ်တပ်က ရောက်ရှိနေရာယူထားသည့်အတွက် ဘုရားဖူး ခရီးသည်များ ရောက်ရှိမှုနည်းမည်ကို ဈေးရောင်းသူ များကစိုးရိမ်နေကြသည်။
ဈေးရောင်းနေသူတစ်ဦးက “ကျွန်တော်တို့သိတာက ဂေါပကအဖွဲ့ကခေါ်ထားတာပါ။ သူတို့က အသွားအလာတွေကို AA ရှိလားဆိုပြီးမေးတယ်တဲ့။ ဒီလိုသာမေး နေမယ်ဆိုရင် ဘုရားဖူးတွေအရောက်နည်းသွားတော့မယ်။ ဘုရားပွဲလာကြည့်တဲ့သူတောင်ရှိပါ့မလား။ ကျွန်တော်တို့ဒီမှာ ရောင်းချဖို့အတွက် အကုန်ပြင်ဆင်ပြီးနေပြီ။ သူတို့ကိုတော့ ဘုရားပွဲမကျင်းပမီ ပြန်စေချင်တယ်။ မဟုတ်ရင်တော့ ဘုရားဖူးတဲ့သူတွေ လာကြတော့မှာမဟုတ်ဘူး” ဟုပြောသည်။
တစ်ချို့ဈေးသည်များမှာ ပွဲမကျင်းပမီကတည်းက ဆိုင်များအပြင်အဆင်များပြုလုပ်နေကြသလို လမ်းတောက် လျှောက်တွင်လည်း ဆိုင်ခန်းများလုပ်ရန် ယခုကတည်းက စတင်နေပြီး တစ်ချို့ ဈေးဆိုင်များမှာလည်း စတင်ရောင်းချနေပြီလည်းဖြစ်သည်။
သမိုင်းဝင်ဆံတော်ရှင် ဘုရားသွားလမ်းတောက်လျှောက်နှင့် စောမဲကျီကျေးရွာဖက်တစ်လျှောက်တွင် စစ်တပ်က အသွားအလာများကို စစ်ဆေးမှုများရှိနေသည့်အတွက် တောင်အောက်ဆင်း၍ စောမဲကျီကျေးရွာဖက်ကိုထမင်းစားရန် မသွားရဲဖြစ်နေသည်ဟု နောက်ထပ် ဈေးရောင်းသည့် အမျိုးသမီးတစ်ဦးကပြောသည်။
“လမ်းမှာသွားရင် စစ်ဆေးတယ်ကြားလို့ စောမဲကျီဖက်ကို ဆင်းပြီး ထမင်းသွားမစားရဲတဲ့အခြေအနေပါ။ အမျိုးသမီးတစ်ဦးဖြစ်နေတော့ပိုဆိုးတာပေါ့။ ကျွန်မတို့ကတော့ စစ်တပ်ကိုမရှိစေချင်ဘူး။ သူတို့ရှိရင်ကြောက်လန့်နေရတယ်။ ဘုရားဖူးတွေလည်း လွတ်လွတ်လပ်လပ်သွားလာခွင့်ရကြတော့မှာ မဟုတ်ဘူး။ ပွဲကျင်းပတိုင်းဈေးရောင်းလာတာ တစ်ခါမှ စစ်တပ်ကလာတာမတွေ့ဖူးသေးဘူး” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တပ်သည် လမ်းလုပ်ရန်အတွက် လာခြင်းဖြစ်ပြီး ဘယ်နေ့ ပြန်ကြမည်ဆိုသည်မသိရှိကြောင်းဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးမောင်ကျော်သိန်းက ပြောသည်။
“ဟိုနေ့က စစ်တပ်ကရောက်လာတော့ ကျွန်တော်နဲ့တွေ့ကြတယ်။ လမ်းလုပ်ဖို့အတွက်ရောက်တာ ဆိုပြီးပြောပါတယ်။ ခုတော့ လမ်းလုပ်နေကြပြီ။ လူအင်အားများတော့ ပြီးလောက်ပါတယ်ရွာသားတွေလည်းကူညီတာရှိမှာပေါ့။ ခုက ၄၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ အရင်ကတော့ ပြည်နယ်ကောင်စီက လမ်းလုပ်ဖို့အတွက် ရဲနဲ့စစ်တပ်ကို လွှတ်မယ်ဆိုပြီးပြောထားတာရှိတယ်။ ဒါကြောင့်ရောက်နေကြတာ။ သူတို့ဘယ်နေ့ပြန်မလဲတော့ကျွန်တော်တို့မသိပါဘူး” ဟုပြောသည်။
ယင်းအပြင် လမ်းပျက်စီးနေသည့်အတွက် ဘုရားဖူးခရီးသည်များအနေဖြင့် ဆိုင်ကယ်ဖြင့် မသွားစေဘဲ ခြေလျင်သာသွားခွင့်ပြုမည်ဟု ဂေါပကအဖွဲ့မှ ဆိုသည်။
လက်ရှိအဆိုပါ စစ်တပ်မှာ ဆံတော်ရှင်ဘုရား သွားလမ်း တောက်လျှောက်တွင်သာမက ချောင်းဝကျေးရွာနှင့် စောမဲကျီကျေးရွာကြားရှိ ရေလမ်းကြောင်းတောက်လျှောက်တွင်လည်း စက်လှေများကို စစ်ဆေးမှုများရှိနေသည်ဟုဒေသခံများက ပြောသည်။
လွန်ခဲ့သည့် နှစ်များကလည်း ဆံတော်ရှင်ဘုရားပွဲတော် ကို စစ်တပ်က လာရောက်မှုမရှိဘဲ ယခုနှစ်မှသာ လာ ရောက်ကာစစ်ဆေးမှုများပြုလုပ်နေသည့်အတွက် ဒေသခံများကြားစိုးရိမ်မှုရှိနေသလို ဘုရားဖူးသွားမည့်ခရီးသည်များကြား စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြသည်။
ဆံတော်ရှင်ဘုရားလမ်းတောက်လျှောက် စစ်တပ်ကနေရာယူထားမှုနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်သူရကို မေးမြန်းရန် Western News ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံမဖြေကြားပေ။
ရခိုင်က အထင်ကရတစ်ခုဖြစ်သည့် သမိုင်းဝင်ဆံတောင်ရှင်ဘုရားပွဲကို နှစ်စဉ် နတ်တော်လဆန်း ၈ ရက်နေ့မှ နတ်တော်လပြည့်နေ့အထိ ကျင်းပကြပြီး ရခိုင်ပြည်နယ် မြို့နယ်များမှ စက်လှေများနှင့် သင်္ဘောများဖြင့် လာရောက်ဖူးမြော်ကြသည်။
သမိုင်းဝင်ဆံတော်ရှင် ကိုဗစ်ရောဂါနှင့် နိုင်ငံရေး အခြေအနေတို့ကြောင့် ၂ နှစ် ကြာ ထိုဘုရားပွဲကိုကျင်းပနိုင်ခြင်းမရှိဘဲ ယခုနှစ်တွင် ပြန်လည် ကျင်းပရန် စီစဉ်နေကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/422352056237971