By Narinjara/ 2021 December 11
ချစ်အိလှိုင်

ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ ဆံတော်ရှင်ဘုရားတောင်တက်လမ်းရှိ စစ်သားများမှာ လမ်းလုပ်ပြီးလျှင် ပြန်တော့မည်ဟု ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက နိရဥ္စရာသတင်းဌာနကို ယနေ့နံနက်ပိုင်းက ပြောသည်။
“အခုဆိုရင် ကျွန်တော်တို့ တောင်ကျော်ပြီးတော့ တောင်အဆင်းဘက်ကိုရောက်သွားပြီဗျ။ လမ်းက ပြီးတော့မယ်။ လမ်းပြီးရင်ပြန်မှာပါ” ဟုပြောသည်။
မကြာခင်လမ်းလုပ်ပြီးလျှင်ပြန်တော့မည်ဖြစ်၍ ဒေသခံများနှင့် ဘုရားသွားဖူးမည့်ခရီးသည်များအနေဖြင့် မစိုးရိမ်ကြရန်လည်း ဆက်ပြောသည်။
ပျက်စီးနေသည့်ဆံတော်ရှင်ဘုရားတောင်တက်လမ်းအား ဘုရားပွဲမတိုင်မီအပြီးပြုပြင်ရန်ဟုဆိုကာ ဒီဇင်ဘာ ၃ ရက်မှစတင်၍ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက တောင်တက်လမ်းတစ်လျှောက် နေရာယူထားပြီး တောင်တက်လမ်းအားပြုပြင်နေကြခြင်းဖြစ်သည်။
ဘုရားပွဲတွင်စျေးဆိုင်များရောင်းချမည့်သူများနှင့် ဒေသခံများ တောင်ကျော်လမ်းကိုဖြတ်ကျော်ကြစဉ် စစ်ဆေးမေးမြန်းမှုများရှိခဲ့သည်ဟုလည်း ကာယကံရှင်များက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ကျွန်တော်တို့တပ်က စစ်တာဆေးတာလည်း မရှိဘူးလေ။ ကျွန်တော်တို့က ဒီတိုင်းပဲလုပ်အားပေးနေတာ”ဟု ဆိုသည်။
ဆံတော်ဘုရားတောင်တက်လမ်းကို လမ်းပြုပြင်ရန်အကြောင်းပြချက်ဖြင့် စစ်တပ်က နေရာယူထားသည့်ကိစ္စအပါအဝင် ကိစ္စအချို့ကြောင့် နှစ်ဘက်တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်သည့်အတွက် စစ်တပ်၏လှုပ်ရှားမှုများကို စစ်ရေးအရ အထူးသတိထား စောင့်ကြည့်လျက်ရှိပြီး ဘုရားပွဲတော်သို့သွားမည့်သူများအနေဖြင့်လည်း စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ ဒီဇင်ဘာလ ၁ဝ ရက်တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
ယခုအခြေအနေများကြောင့် ဆံတော်ရှင်ဘုရားပွဲသို့ သွားလာမည့်ဘုရားဖူးခရီးသည်များတွင် စိုးရိမ်မှုမြင့်တက်လျက်ရှိပြီး ဘုရားပွဲသို့သွားရောက်မည့်အစီအစဉ်များကို ဖျက်သိမ်းကြမှုများလည်းရှိနေကြသည်။
ယင်းအပြင် ပွဲခင်းအတွင်းရောင်းချကြမည့်စျေးသည်များကလည်း စစ်သားများရှိနေလျှင် ပွဲသို့ ဘုရားဖူးများရောက်မလာတော့ဘဲ ၎င်းတို့အနေဖြင့်စျေးရောင်းချရာတွင် အခက်တွေ့နိုင်၍ အမြန်ဆုံးပြန်စေချင်သည်ဟု ပြောဆိုနေကြသည်။
စျေးသည်ဒေါ်လှမေသိန်းက “မပြန်ရင် အားလုံးက ထိတ်လန့်နေကြတယ်။ ပြန်သွားရင်တော့ အကောင်းဆုံးပဲပေါ့။ ပြန်စေချင်တယ်လို့လည်း တောင်းဆိုချင်တယ်”ဟု ပြောသည်။
ဆံတော်ရှင်ဘုရားပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှ ၂ဝ ရက်အထိ (၈)ရက်တိုင်တိုင် စည်စည်ကားကားကျင်းပမည်ဖြစ်သည်။
စစ်ရေးနှင့် ကိုဗစ်တို့ကြောင့် ၂ နှစ်ကြာ မကျင်းပခဲ့ရဘဲ ယခု ၂ဝ၂၁ ခုနှစ်တွင် ပြန်လည်ကာ စည်ကားစွာကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4968646713147366