By Western News/ 2021 December 10
ဆံတော်ရှင် တောင်တက်လမ်းတစ်လျှောက်နေရာယူလျှက်ရှိနေသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့မှနေ၍ ခေါ်ယူထားခြင်းမဟုတ်ဘဲ ၎င်းတို့အား ပြည်နယ်ကောင်စီမှ ပျက်စီးနေသော လမ်းအားပြုပြင်ရန်လွှတ်လိုက်ခြင်းဖြစ်သည်ဟု ဂေါပကအဖွဲ့မှ ပြန်လည်ရှင်းလင်းသည်။
ရှင်တော်ရှင်ဂါပကအဖွဲ့က စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဆံတော်ရှင် တက်လမ်းအား ပြုပြင်ရန်ခေါ်ယူထားခြင်းနှင့် ဆံတော်တော်ရှင် ဘုရားတွင် နေထိုင်ဖို့ ခေါ်ယူထားခြင်းဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်းအပေါ် ဂေါပကအဖွဲ့မှ ယင်းပြောဆိုချက်အား ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ဆံတော်ရှင်ဘုရားမှ ဂေါပကတစ်ဦးက“သူတို့တွေက ကျနော်တို့ခေါ်ထားတာမဟုတ်ပါဘူး။ ဒါကိုသေချာလည်း ရှင်းထားပါတယ်။ ဘုရားပေါ်တက်တဲ့ လမ်းပျက်စီးနေတာကြောင့် ပြည်နယ်ကောင်စီက စစ်သားနဲ့ရဲ ကိုလမ်းလုပ်ဖို့လွှတ်ပေးမယ်လို့ ပြောထားတာ။ အဲ့ဒါကြောင့် ရောက်နေတာပါ” ဟုပြောသည်။
စစ်တပ်က အင်အား ၁၀၀ ကျော်နှင့် ရဲတပ်ဖွဲ့များက ဒီဇင်ဘာ ၃ ရက်နေ့က ဇက်ရေယာဉ်ဖြင့် စောမဲကျီကျွန်းသို့ ရောက်ရှိလာပြီး ဒီဇင်ဘာ ၄ ရက် နေ့မှစတင်ကာ စောမဲကျီကျေးရွာနှင့် ဆံတော်ရှင်ဘုရားသွားလမ်းတောက်လျှောက် နေရာယူထားသည်။
ယခုလ ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ဆံတော်ရှင်ကျွန်းသို့ ဇက်ရေယာဉ်များဖြင့်ရောက်ရှိလာကြသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ရှိအချိန်ထိ တောင်တက်လမ်းတစ်လျှောက်နေရာယူထားဆဲ ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
တောင်တက်လမ်းတစ်လျှောက်ရှိနေသည့် စစ်သားများမှာ ၎င်းနေရာအနီးနားမှ သွားလာနေသည့် ကျေးရွာသား များအားလည်း စစ်ဆေးမှုများရှိပြီး ဘုရားပွဲနေ့များအထိရှိနေမည်ဟု ကြားသိရကြောင်း ပြင်ဘုတ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“စစ်သားတွေကတော့ ခုချိန်ထိရှိနေတုန်းဘဲ။ လမ်းလာလုပ်တာလို့တော့ အစကကြားမိတယ်။ သူတို့မရောက်ခင် တုန်းက လမ်းလုပ်တဲ့ ဘက်ဟိုးကြီးတွေ အဲ့နားမှာချထားတာရှိတယ်။ သူတို့ရောက်လာတော့ ဘက်ဟိုးတွေပြန် သိမ်းသွားတယ်။ ဘုရားပွဲနေ့တွေအထိ ရှိနေမယ်လို့ သတင်းတွေတော့ကြားမိတယ်။ အဲ့ဒီအနီးနားမှာက ခမီ၊ ချင်း၊ ရခိုင် မျိုးနွယ်စုတွေရောပြီး နေကြတဲ့ရွာတွေရှိတယ်။ သူတို့တွေနဲ့တွေ့ရင်တော့ အမျိုးသမီးတွေတော့ အဲလောက်မဟုတ်ဘူး။ အမျိုးသားတွေဆိုရင်တော့ စစ်ဆေးတာတွေ ရှိတယ်လို့ အဲ့ဖက်ကလူတွေဆီက ကြားရတယ်။ သူတို့ဖက်တွေကလည်း ဖုန်းလိုင်းတွေမမိတော့ ဆက်သွယ်လို့ သိပ်အဆင်မပြေဘူး ” ဟုပြောသည်။
စစ်ဆေးမေးမြန်းနေမှုတို့ကြောင့် ဒေသခံများပို၍ စိုးရိမ်မှုရှိနေပြီး ဘုရားပွဲသွားမည့်သူများပင် အစီစဉ်အား ဖျက်ပစ်မှုတို့ အများအပြားရှိနေသည်ဟု စိုးမဲကျီ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“အနီးနားမှာ ရှိနေတဲ့ ကျနော်တို့ ရွာတွေကတောင် သွားမယ့်သူတွေက မသွားဖြစ်လောက်တော့ဘူးလို့ ပြောနေကြတယ်။ ကျန်တဲ့အဝေးကလူတွေဆိုရင် ပိုဆိုးမှာပေါ့။ ပွဲမလုပ်ဖြစ်တာ ၂ နှစ်လောက်အကြာမှာ လုပ်တာဆိုတော့ အရမ်းစည်ကားမယ်ဆိုပြီး ပျော်နေကြတာ။ ခုဒီလို စစ်ဆေးမှုတွေ ရှိနေတယ်ဆိုတော့ စိုးရိမ်စိတ်နဲ့ သွားမယ့်သူ သိပ်ရှိတော့ မယ်မထင်ဘူး” ဟုပြောသည်။
ထိုစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များမှာ တောင်တက်လမ်းပျက်နေ၍ ပြည်နယ်ကောင်စီမှ လမ်းလုပ်ရန်လွှတ်လိုက်သည့် သူများဖြစ်သည်ဟု ဂေါပကအဖွဲ့၏ ပြောဆိုချက်အရသိရပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
ရခိုင်က အထင်ကရတစ်ခုဖြစ်သည့် သမိုင်းဝင်ဆံတောင်ရှင်ဘုရားပွဲကို နှစ်စဉ် နတ်တော်လဆန်း ၈ ရက်နေ့မှ နတ်တော်လပြည့်နေ့အထိ ကျင်းပကြပြီး ရခိုင်ပြည်နယ် မြို့နယ်များမှ စက်လှေများနှင့် သင်္ဘောများဖြင့် လာရောက်ဖူးမြော်ကြသည်။ ယခုနှစ်တွင် လာမည့် ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၂၀ ရက်အထိ သမိုင်းဝင်ဆံတောင်ရှင်ဘုရားပွဲကို ကျင်းပမည်ဖြစ်သည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့ အနောက်ဖရုံကာကျွန်းရှိ ဆံတော်ရှင်ဘုရားကို နှစ်စဉ် နတ်တော်လအတွင်း ပွဲကျင်းပပြုလု မှုရှိခဲ့ပြီး ကိုဗစ်နှင့် နိုင်ငံရေးအခြေနေများကြောင့် ၂ နှစ်ခန့်ပွဲကျင်းပမှုမပြုလုပ်ပေ။
https://www.facebook.com/westernnewsagency/posts/425380315935145