By Narinjara/ 2021 December 12
မင်းအဂ္ဂ
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေလေဆိပ်တွင် ကျည်ဆံသယ်ဆောင်သူ ၁ ဦးနှင့် မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့သွားမည့်သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျည်ဆံဖြင့်ဖမ်းမိသူမှာ စစ်တွေမြို့နယ် သင်္ဂနက်ကျေးရွာမှ မောင်ထွန်းနိုင်(ခ)မောင်ပုချေ(၃၇ နှစ်)ဖြစ်သည်။
သူသည် ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့လိုက်ပါရန်အတွက် စစ်တွေလေဆိပ်ထွက်ခွာဆောင်၌ သူကိုုင်ဆောင်ထားသည့် နက်ပြာရောင်ဘေးလွယ်အိတ်အား X Ray စက်ဖြင့် စစ်ဆေးရာ ကျည်ဆံ ၁ တောင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်နေစဉ်သတင်းတွင်ဖော်ပြသည်။
ကျည်ဆံအမျိုးအစားကိုမူ ဖော်ပြထားခြင်းမရှိပါ။
သူ့ကို ခွင့်ပြုချက်မရှိဘဲ ခဲယမ်းမီးကျောက်များအား လက်ဝယ်ကိုင်ဆောင်တွေ့ရှိမှုကြောင့် စစ်တွေမြို့မရဲစခန်းသို့ပို့ဆောင်ကာ ဥပဒေအရ အရေးယူ အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့က စစ်တွေလေဆိပ်တွင် မှတ်ပုံတင်အတုဖြင့် ဖမ်းမိသူမှာ မင်းပြားမြို့နယ် သရက်ဆုပ်ကျေးရွာမှ မခင်ခင်သန်း(ခ)ချော်နှောင်း(၁၉ နှစ်)ဖြစ်သည်။
သူမသည် ယမန်နေ့ နံနက် ၉ နာရီက မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ထွက်ခွာရန်ပြင်ဆင်နေစဉ် စစ်တွေလေဆိပ်အတွင်း၌ သူမကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ အတုဟုယူဆရသည့်အတွက် ဆက်လက်စစ်ဆေးဆောင်ရွက်နေသည်ဟုလည်း ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြသည်။
https://www.facebook.com/narinjara.info/posts/4974500605895310