စစ်တွေတွင် ၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့အခမ်းအနား ကိုဗစ်ကြောင့် အကျဉ်းရုံးသာ ကျင်းပနိုင်ခဲ့

By Narinjara/ 2021 December 4

ထက်အောင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ကျင်းပသည့် ၅ ကြိမ်မြောက် ခမီနှစ်သစ်ကူးနေ့အခမ်းအနားအား ကိုဗစ် ၁၉ ရောဂါကြောင့် အကျဉ်းရုံးသာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီတွင် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်ရှိ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ခမီတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးလေကျော်အောင်က နိရဥ္စရာကို ပြောသည်။

“နှစ်စဉ်နှစ်တိုင်း ခမီနှစ်သစ်ကူးနေ့ကို ခမီရိုးရာ ခေါင်ရည်တွေအပြင် ရိုးရာအကတွေနဲ့ စည်ကားစွာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် ကန့်သတ်ချက်ဘောင်အတွင်းကပဲ လုပ်ရတာဖြစ်လို့ အားမရဖြစ်မိပါတယ်” ဟု ပြောသည်။

နတ်တော်လဆန်း ၁ ရက်နေ့သည် ခမီနှစ်သစ်ကူးနေ့ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့သည့်အတွက် ယခုနှစ်တွင် (၅) ကြိမ်မြောက်အဖြစ် ကျင်းပရခြင်းဖြစ်သည်။

ခမီနှစ်သစ်ကူးနေ့ကျင်းပရသည့်အဓိကရည်ရွယ်ချက်မှာ ခမီလူမျိုးများသည် တောင်ယာကို အဓိကလုပ်ကိုင်စားသောက်သည့်လူမျိုးဖြစ်ပြီး တန်ဆောင်မုန်းလတွင် တောင်ယာလုပ်ငန်းအားလုံးပြီးစီး၍ နတ်တော်လဆန်း ၁ ရက်နေ့၌ တောင်ယာလုပ်ကိုင်မည့်မြေနေရာခွဲဝေကာ တောင်ယာခုတ်ထွင်ရှင်းလင်းကြသည့်အထိမ်းအမှတ်အနေဖြင့် နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ထားခြင်းဟု ဦးလေကျော်အောင်က ပြောသည်။

တစ်နှစ်တွင် တစ်ကြိမ်ကျင်းပသည့် ခမီနှစ်သစ်ကူးနေ့ကို အကျဉ်းရုံးကျင်းပရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း အခမ်းအနားလာရောက်သော ခမီတိုင်းရင်းသူ မဆန်းကြည်က ပြောသည်။

“ကျမက ခမီတိုင်းရင်းသူတစ်ဦးဖြစ်တဲ့အတွက် ခမီနှစ်သစ်ကူးနေ့မှာ လာရောက်အားပေးတာဖြစ်ပါတယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာ၊ ဓလေ့၊ ထုံးတမ်းတွေနဲ့ တိုင်းရင်းသားအစဉ်အလာတွေမပျက်ရအောင် ကြိုးစားပြီးတက်ဖြစ်တာပါ။ ဒီလိုမျိုး အခမ်းအနားကို တက်ရောက်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်” ဟု ပြောသည်။

ယနေ့ကျင်းပသည့် ခမီနှစ်သစ်ကူးနေ့အခမ်းအနားသို့ ရခိုင်ပြည်နယ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ပြည်နယ်ရဲမှူးကြီး သက်လွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌတို့အပြင် သက်၊ မြိုနှင့် မရမာစသည့်လူမျိုးများလည်း တက်ရောက်ခဲ့ကြသည်။

ခမီနှစ်သစ်ကူးနေ့ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက သတ်မှတ်ပေးခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ နှစ်သစ်ကူးနေ့အဖြစ် အခမ်းအနားများဖြင့် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ခမီလူမျိုး ဦးရေ ၁ သိန်းခွဲကျော်ခန့်ရှိပြီး ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောနှင့် ပေါက်တော စသည့်မြို့နယ်များတွင် အဓိက နေထိုင်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံအနှံ့နှင့် ပြည်ပနိုင်ငံများတွင်လည်း နေထိုင်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4945186102160094

Leave a Reply

Your email address will not be published.