စစ်တွေတွင် ရောဂါအခံရှိသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

By Development Media Group (DMG)/ 2021 December 10

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောဂါအခံရှိသည့် အသက် ၇၄ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာအမျိုးသားတစ်ဦး ဒီဇင်ဘာ ၉ ရက်နေ့က သေဆုံးသွားကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။

အဆိုပါ သက်ကြီးပိုင်းအမျိုးသားမှာ ဆီးချိုရောဂါအခံရှိပြီး ဒီဇင်ဘာ ၉ ရက်နေ့က အဖျားပြင်းထန်၍ အောက်ဆီဂျင်ကျနေသဖြင့် စစ်တွေဆေးရုံကြီးသို့တက်ရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။

၎င်းအား ကိုဗစ်စစ်ဆေးရာ Possitive ထွက်ပြီး ည ၉ နာရီခန့်တွင် သေဆုံးသွားသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါကပြောသည်။

“မနေ့က သူ့အဖျားပြင်းနေပြီး အောက်ဆီဂျင်တွေကျနေလို့ ကျနော်တို့အဖွဲ့ကသွားပြီး သယ်ယူပေးတယ်။ အဲနောက် Test လုပ်တဲ့အခါ Possitive ဖြစ်တယ်။ ဆေးရုံတင်ပြီးသိပ်မကြာခင်မှာဘဲ သေသွားတယ်”ဟု ၎င်းကပြောသည်။

ရခိုင်တွင် ယခုရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ်များထပ်တွေ့လာပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၅ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့၏ စာရင်းအရသိရသည်။

ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းများကို ဂရုတစိုက်လိုက်နာရန်လိုအပ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါကပြောသည်။

“အခု ကိုဗစ်ကပြန်ပြီးဖြစ်လာတယ်။ အခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်း ပြန်ပြီးတွေ့ရှိလာတတယ်။ အခြားနိုင်ငံတွေမှာလည်း ကိုဗစ်နဲ့ပတ်သက်ပြီး ဂရုတစိုက်လုပ်ဆောင်နေကြတယ်။ ကျနော်တို့ ရခိုင်ပြည်မှာလည်း အစစအရာရာဂရုစိုက်ပြီး ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ Mask တပ်ဖို့၊ လက်တွေမကြာခဏဆေးတာတွေကို ပြန်ပြီးလုပ်သင့်တယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၅၁၉၃)ဦး၊ သေဆုံးသူဦးရေ (၄၉၉)ဦးရှိခဲ့ပြီး ကုသဆဲလူနာ (၃၂)ဦးရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဒီဇင်ဘာလ ၈ ရက်နေ့စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2176282699190796

Leave a Reply

Your email address will not be published.