စစ်တွေတွင် ရပ်ကွက်အလိုက် အမှိုက်သိမ်းကား ၁ စီးကျစီဖြင့် အမှိုက်သိမ်းပေးနိုင်ရန် စီစဉ်နေဟုဆို

By Narinjara/ 2021 December 7

အေးမြတ်ခိုင်

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ရပ်ကွက်အလိုက် အမှိုက်သိမ်းကား ၁ စီးကျစီဖြင့် အမှိုက်သိမ်းပေးနိုင်ရန် စီစဉ်နေသည်ဟု ပြည်နယ်ကောင်စီမှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက နိရဥ္စရာကိုပြောသည်။

“အခုအမှိုက်သိမ်းစနစ်ကို ပထမအဆင့်ပြောင်းလဲဖို့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာ တစ်ရွာကိုတစ်စီးနှုန်းပေးပြီး ပြောင်းလဲဖို့ကြိုးစားနေတာတွေရှိတယ်။ နောက်ပြီးတော့ မြို့လယ်ရပ်ကွက်တွေမှာ ပုဂ္ဂလိကအမှိုက်သိမ်းစနစ်ကိုကျင့်သုံးဖို့ ဆောင်ရွက်နေတာတွေရှိတယ်” ဟု ပြောသည်။

စစ်တွေတွင် လက်ရှိကျင့်သုံးနေသည့် ခေါင်းလောင်းထိုးအမှိုက်သိမ်းစနစ်ကို ပြောင်းလဲရန်အတွက် ယခုကဲ့သို့စီစဉ်နေခြင်းဖြစ်ပြီး စတင်အကောင်အထည်ဖော်မည့်အချိန်ကို လောလောဆယ် မသိရသေးဟု ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်မှ ရပ်ကွက်အချို့တွင် အမှိုက်ပုံးအနီးနှင့် လမ်းမများပေါ်တွင် စွန့်ပစ်အမှိုက်များပြန့်ကြဲနေမှုများကို ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများရှိနေပြီး အမှိုက်ပုံအနီးအနားမှ နေအိမ်များအနေဖြင့်လည်း ဆိုးဝါးသည့်အနံ့အသက်များကို ခံစားနေကြရသည်ဟု မြို့ခံများက ပြောသည်။

စစ်တွေရှိ Green Network Sittwe အဖွဲ့မှ ဒေါ်စောမြသန္တာကလည်း စစ်တွေတွင် ပြည်သူအချို့က အမှိုက်များကို စနစ်တကျစွန့်ပစ်သည့်တိုင်အောင် အမှိုက်ပုံးများထဲမှ ပစ္စည်းများကိုရှာဖွေသူများကြောင့်လည်း အမှိုက်များ လမ်းမပေါ်များတွင် ပြန့်ကြဲနေရခြင်းဖြစ်သည်ဟု ပြောသည်။

“စွန့်ပစ်အမှိုက်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့သူတွေအနေနဲ့ စဉ်းစားဖို့လိုလာတာက စည်ပင်ကပံ့ပိုးပေးဖို့လိုတဲ့ လိုအပ်ချက်တစ်ခုကိုပဲ ပြောနေတာမျိုးမဟုတ်ဘဲ အမှိုက်ပုံကိုအခြေတည်ပြီး စားဝတ်နေရေးအတွက်ဖြေရှင်းနေရတဲ့သူတွေကိုလည်း ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်” ဟု ပြောသည်။

ယင်းအပြင် အမှိုက်ပုံးများရှိ အမှိုက်များကို အချိန်မီသိမ်းဆည်းနိုင်မှုအားနည်းခြင်းကြောင့် ခွေးလေခွေးလွင့်များနှင့် ကျီးကန်းများက အမှိုက်အိတ်များကို ကိုက်ဖွင့်စားသောက်ကြသည့်အတွက်လည်း အမှိုက်များ မြင်မကောင်းအောင်ပြန့်ကြဲနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ယခင်က စစ်တွေမှထွက်ရှိသည့်အမှိုက်များကို မြို့ပေါ်ရှိ အာကျိတ်တော်ကုန်းတွင်စွန့်ပစ်ခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စစ်တွေမြို့နယ် မန်စီကျေးရွာသို့ ပြောင်းရွှေ့စွန့်ပစ်နေကြောင်း သိရသည်။

စစ်တွေမြို့သည် တိုင်းနှင့် ပြည်နယ် ၁၄ ခု၏ မြို့တော်များအထဲတွင် အမှိုက်သိမ်းဆည်းမှုနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုအလွန်အားနည်းသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4955472401131464

Leave a Reply

Your email address will not be published.