By Western News/ 2021 December 2

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခု ၂၀၂၁ ခုနှစ် အတွင်း ဖမ်းဆီးမိသည့် စပါးအုံးနှင့် စပါးကြီးမြွေမှာ အကောင်ရေအားဖြင့် ၄၀ ကျော်ခန့်ရှိသည်ဟု ရွှေရောင်မေတ္တာဖောင် ဒေးရှင်းမှပြောသည်။
မြွေများကို လူနေအိမ်များတွင် အများဆုံးတွေ့ရှိရတတ်ပြီး ဖမ်းဆီးရမိသည့်မြွေများကို မြို့နယ်သစ်တော ဦးစီးဌာနသို့ပို့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ကိုမင်းထည်ဝါ ကပြောသည်။
“ဒီမြွေတွေကိုလူနေအိမ်တွေမှာ အများဆုံးတွေ့ရတယ်။ မြွေတွေ့လို့အကူညီလာတောင်းရင် ကျနော်တို့သွားဖမ်းပေးတယ်။ ဖမ်းမိသလောက်တော့ ဒီတစ်နှစ်အတွင်း အကောင် ၄၀ ကျော်လောက်ရှိပြီ။ ကျနော်တို့ ဖမ်းမိတဲ့မြွေတွေကိုတော့ မြို့နယ်သစ်တော ကိုပို့တယ်” ဟုပြောသည်။
ဖမ်းဆီးမိ၍ ပို့လာသောမြွေများကို နီးစပ်ရာသစ်တောများသို့ လွှတ်ပေးပြီး အဆိုပါမြွေများ လူနေသည့်နေရာမျိုးရောက်လာခြင်းမှာ အစာရေစာရှာဖွေမှုနှင့် မိတ်လိုက်မှုဆိုင်ရာအကြောင်းရင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု ဦးစီးအရာရှိ ဦးသန်းမင်းအေး ကပြောသည်။
“ကျနော်တို့ဆီပို့လာတဲ့ မြွေတွေကို လူသူဝေးတဲ့ နီးစပ်ရာတောတွေမှာ လွှတ်ပေးတယ်။ ဖမ်းမိတဲ့ အမျိုးအစားကတော့ စပါးအုံးနဲ့ စပါးကြီး မျိုးတွေပေါ့။ သူတို့ကတော့ အဆိပ်မရှိဘူးလေ။ လူနေအိမ်တွေကို ခုလိုရောက်လာတာကတော့ အစာရှာရင်းလည်းဖြစ်မယ်။ သဘာဝအရ မိတ်လိုက်မှုကြောင်းလည်းဖြစ်မယ်။ နောက်ပြီး ဒီရေအတက်အကျတွေနဲ့လည်း ပါလာကြတာလည်းရှိတတ်ပါတယ်” ဟုပြောသည်။
ဖမ်းမိသည့်မြွေများမှာ ပျမ်းမျှအားဖြင့် အရှည် ၁၀ ပေကျော်ခန့်နှင့် လုံးပတ် ၁၀ လက်မ ကျော်ခန့်ရှိတတ်ပြီး ယခုဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း စစ်တွေ ဘောင်းဒွတ်သားစုရပ်ကွက်ရှိနေအိမ်တစ်အိမ်မှ အရှည် ၁၁ ပေနှင့် လုံးပတ် ၁၄ လက်မရှိသည့် စပါးကြီးမြွေတစ်ကောင် ဖမ်းမိခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ကပြောသည်။
https://www.facebook.com/westernnewsagency/posts/421052776367899