ဂွမြို့နယ်မှ စေတီတစ်ဆူ ဌာပနာဖောက်ထွင်းခံရ

By Narinjara/ 2021 December 11

သဥ္ဇာနွယ်

ဓာတ်ပုံ – လူမှုကွန်ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် စေတီတစ်ဆူတွင် ဌာပနာဖောက်ထွင်းခံလိုက်ရသည်ဟု သိရသည်။

ဂွမြို့နယ်၊ ချင်းကုန်းကျေးရွာနှင့် ၂ ဖာလုံကွာရှိ လာဘသုခစေတီ၏ဌာပနာတိုက်သည် ဒီဇင်ဘာ ၁ဝ ရက် ညတွင် အဖောက်ခံလိုက်ရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်စိုးက နိရဥ္စရာကို ပြောသည်။

“ဘယ်သူတွေ ဖောက်သွားမှန်းတော့ မသိလိုက်ဘူး။ ဖောက်တဲ့သူတွေက စေတီအထဲမှာ တန်ဖိုးကြီးတာတွေရှိတယ်ဆိုပြီး ဖောက်သွားတာထင်တယ်။ ဘာပစ္စည်းမှတော့ ပါမသွားဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စေတီဘုရားပေါ်မှ ဖောက်ထွင်းခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် မပြုလုပ်အပ်သောအရာဖြစ်ပြီး ရွာသားတစ်ဦးအနေဖြင့်လည်း စိတ်မကောင်းဖြစ်မိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနိုင်က ပြောသည်။

စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁ဝ ပေခန့်ရှိပြီး စေတီ၏အလယ်တွင် အုတ်ခဲ နှစ်ခဲအကျယ်အဝန်းလောက် အဖောက်ခံလိုက်ရခြင်းဖြစ်သည်။

ချင်းကုန်းရွာမှ ရွာသူတစ်ဦးဖြစ်သူ မမေစန္ဒာက “အလုပ်အကိုင်မရှိကြတော့ ဒီလိုမျိုး ခိုးကြတာထင်ပါတယ်” ဟုပြောသည်။

လက်ရှိတွင် ဖောက်ထွင်းခံလိုက်ရသည့်ဌာပနာတိုက်အား ပြုပြင်မွမ်းမံနေပြီဟု သိရသည်။

အဆိုပါစေတီကို ကောဇာသက္ကရာဇ် ၆၄၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၂၈၄ ခုနှစ်တွင် ဘုရင် သမုဒ္ဒဃောသနှင့် မိဖုရား ဥမ္မာဒန္တီတို့က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု သမိုင်းမှတ်တမ်းများကိုကိုးကား၍ ၎င်းကျေးရွာတွင်သာသနာပြုနေသော ကျောင်းထိုင်ဆရာတော် ဦးသုမနက မိန့်ကြားသည်။

https://www.facebook.com/narinjara.info/posts/4968751476470223

Leave a Reply

Your email address will not be published.