UEC မှပြုလုပ်မည့် ဆွေးနွေးပွဲသို့ AFP တက်မည်၊ ANP နှင့် ALD ပါတီတို့မတက်

By Western News/ 2021 November 5

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှပြုလုပ်မည့်ဆွေးနွေးပွဲသို့ ရခိုင့်ဦးဆောင်ပါတီ AFP တက်ရောက်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့ တက်ရောက်ရန်မရှိဟု ပါတီမှတာဝန်ရှိသူများမှပြောသည်။

ဆွေးနွေးပွဲတွင် PR စနစ်အပြင် တစ်ခြားငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာလည်းပါရှိပြီး ထိုအကြောင်းရင်းများကြောင့် တက်ရောက်ရန်ဖြစ်သည်ဟု AFP ပါတီ၏ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောသည်။

“ဆွေးနွေးပွဲကိုတက်မယ်။ ဒီဆွေးနွေးပွဲမှာက PR စနစ်ဆိုတာကိုရှင်းပြဖို့ပေါ့။ PR စနစ်အပြင် တစ်ခြားငြိမ်းချမ်း ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေလည်းဆွေးနွေးဖို့ရှိတယ်” ဟုပြောသည်။

ANP ပါတီမှမူ ယခုပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်မရှိကြောင်း မတက်ရောက်သည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေမှာရွေးကောက်ပွဲတစ်ရပ်လုပ်၍ရသောအခြေနေမျိုးမရှိခြင်းကြောင့်ဖြစ်သည်ဟု ပါတီ၏ဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှကပြောသည်။

“အဲဒီဆွေးနွေးပွဲကို မတက်ရောက်ဖြစ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ PR စနစ်နဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလို့ရတဲ့အခင်းကျင်းလည်းမရှိဘူး။ ပြီးတော့ မြန်မာနိုင်ငံမှာ ခုလက်ရှိနိုင်ငံရေးအခြေ နေကလည်း ရွေးကောက်ပွဲတစ်ရပ်လုပ်လို့ရတဲ့ အခြေနေမျိုးရှိတယ်လို့လည်းမမြင်ဘူး။ သွားရေးလာရေးတွေ လည်း ခက်ခဲတယ်လေ” ဟုပြောသည်။

PR စနစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်လုပ်လျှင် မဲဆန္ဒရှင်များမှာ PR စနစ်နှင့်ပတ်သက်၍ ပြည့်ပြည့်ဝဝ ခံစားခွင့်ရမည်မဟုတ်ဟုလည်း သူ၏ပုဂ္ဂလအမြင်အား ပြောသည်။

ယခု UEC မှပြုလုပ်မည့်ဆွေးနွေးပွဲအား တက်ရောက်ရန် ပါတီအတွင်းဆွေးနွေးထားမှုတစ်စုံတစ်ရာမရှိသလို တက်ရောက်ရန် တာဝန်ပေးထားသူများလည်း မရှိဟု ALD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့် ကပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီအတွင်းမှာဆွေးနွေးတာတွေဘာတွေမရှိဘူး။ ပြီးတော့ ဘယ်သူတက်ရမယ်လို့တာဝန် ပေးထားတာလည်းမရှိတော့ တက်ရောက်ဖို့မရှိဘူးလို့ပြောလို့ရမှာပေါ့။ နောက်ပြီး PR စနစ်ကျင့်သုံးမယ့် ကိစ္စနဲ့ ပြောချင်တာက အာဏာသိမ်းယဉ်ကျေးမှုထွန်းကားတဲ့ ဒီနိုင်ငံမှာ သုံးရင်ကောဘာထူးမှာလဲ။ ဒီနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ရွေးကောက်ပွဲစနစ်ကြောင့်မဟုတ်ဘူး။ ညီမျှမှုမရှိတဲ့ပြည်ထောင်စုစနစ်နဲ့ တန်းတူအခွင့်အရေး မရလို့ဖြစ်နေတာ” ဟုပြောသည်။

ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှဦးဆောင်ပြုလုပ်မည့်အစည်းဝေးမှာ နိုင်ဝင်ဘာလ ၅ ရက်နေ့မှစ၍ ရန်ကုန်တွင် ၃ ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ၎င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် အသစ်ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည့် PR စနစ်နှင့်ပတ်သက်၍ အဓိကဆွေးနွေးကြမည်ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/403378811468629

Leave a Reply

Your email address will not be published.