PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဦးစိန်ချစ်တို့ အမှုတွင် လိုပြသက်သေ ၃ ဦးအားစစ်ဆေး

By Western News/ 2021 November 30

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့ သံတွဲခရိုင်တရားတွင် ရုံးထုတ်စစ်ဆေးခဲ့စဉ် တရားလိုပြသက်သေ ၃ ဦးအားစစ်ဆေးခဲ့ကြောင်း အမှုလိုက်ရှေ့နေ ဒေါ်သိင်္ဂိမောင်က Western News ကိုပြောသည်။

“ဒီနေ့ လိုပြသက်သေ ၃ ယောက်စစ်တယ်။ ဦးဖေမြင့်၊ ဇော်လင်းထွန်း၊ ဆန်းမြင့်ဦး သူတို့သုံးယောက်ကိုစစ်တယ်။ ကိုစိန်ချစ်ရဲ့ကျန်းမာရေးအခြေနေကတော့ သွေးအားနည်းတာနဲ့ အစာအိမ်ဖြစ်နေတာရယ်ရှိတယ်။ ဒါတွေကို ထောင်ကဆေးမှူးနဲ့ ဆေးလာကုပေးတယ်ခိုင်းတော့ ပြောပါတယ်” ဟုရှေ့နေ ပြောသည်။

ယခုအမှုတွင် ကျန်နေသည့်လိုပြသက်သေအားလုံးကို လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် စစ်ဆေးသွားမည်ဟု ရှေ့နေကဆက်ပြောသည်။

ဦးစိန်ချစ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ နေအိမ်မှဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုရဲနိုင်ဦးမှာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို ခလရ (၅၅) တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခဲ့ကာ လက်ရှိတွင် သံတွဲအကျည်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားကြရသည်။

ရခိုင်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၆ ဦးခန့်ရှိပြီး ၎င်းတို့မှာ ယခု တရားရင်ဆိုင်နေရသူ ဦးစိန်ချစ်နှင့် ရဲနိုင်ဦး၊ ငပလီမှ ငြိမ်းအိဖြူကျော်၊ သံတွဲမှ ဒေါ်စခန်းချိုသိုက်၊ မတင်စန္ဒာဝင်း၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) ကိုအောင်နိုင်မြင့် တို့ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/419876043152239

Leave a Reply

Your email address will not be published.