By Western News/ 2021 November 23
ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် ၇ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က နေအိမ်အတွင်းသို့လာရောက် ဖမ်းဆီးသွားသည်ဟု မျက်မြင်ဒေသခံတစ် ဦးက ပြောသည်။
အဆိုပါအမျိုးသမီးမှာ အသက် ၅၀ အရွယ်ရှိသည် ဒေါ်စန်းချိုသိုက်ဖြစ်ပြီး ၎င်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် သံတွဲမြိ့မရဲစခန်းတွင် အမှုဖွင့်ခံထားရသည်ဟု ဒေါ်စခန်းချိုသိုက်နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
“ ပထမကတော့ စန်းချိုသိုက်ရဲ့ တူမလေးကို ဖမ်းသွားတာ။ နောက်တစ်ရက်နှစ်ရက်လောက်နေတော့ သူ့ကိုရဲက လာဖမ်းတယ်။ သူမတူမလေးကိုတော့ အပြစ်မရှိဘူးဆိုပြီးတော့ ပြန်လွတ်လိုက်တယ်။ သူမကိုကျတော့ PDFကို ငွေကြေးထောက်ပံ့နေတယ်ဆိုပြီးတော့ အကြမ်ဖက်မှုနဲ့အမှုဖွင့်လိုက်တယ်။ တရားလိုက ဘယ်သူလဲဆိုတာကို မသိရဘူး။”ဟု ဆိုသည်။
ပြန်လွတ်လာသည့် ဒေါ်စန်းချိုသိုက်၏ တူမဖြစ်သူမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း( အသက် ၁၇နှစ်)ဖြစ်သည်။ ၎င်းကို အပြစ်မရှိဟုဆိုကာ နိုဝင်ဘာ ၁၉ ရက် နေ့တွင် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့မရဲစခန်းကို Western News က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ တစ်ကြိမ်မှ တုန့်ပြန်ခြင်းမရှိခဲ့ပါ။
ရခိုင်ပြည်နယ်တွင် PDFနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၆ ဦးအထိရှိလာနေ သည်။ ၎င်းတို့မှာ သံတွဲမြို့ခံ ဦးစိန်ချစ်၊ ကိုရဲနိုင်ဦး၊ ဒေါ်ငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်းနှင့် ဒေါ်စခန်းချိုသိုက် နှင့် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခေါ်) ကိုအောင်နိုင်မြင့် တို့ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/415001806972996