AA ၊ မြန်မာ့တပ်မတော်၊ PDF နှင့် ပစ္စက္ခ ရခိုင့်အတွေးများ

By Western News/ 2021 November 23

ခုတ​လော ရခိုင်ပြည်နယ်ထဲတွင် PDF နှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးမှုတချို့ကို ခပ်စိပ်စိပ်ကြား လာရ၏။

အောက်တိုဘာလ-၉ ရက်နေ့က သံတွဲမြို့နယ်မှ ကိုစိန်ချစ် ဆိုသူကို PDF အဖွဲ့နှင့်ဆက်စပ်သံသယဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ တပ်မတော်မှ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သည့် PDF ( Peoples Defense Force = ပြည်သူ့ကာကွယ်ရေးတပ်) ဆိုသောအသုံးအနှုံးသည် မြန်မာနိုင်ငံအနှံ့အပြား၌ တွင်တွင်ကျယ်ကျယ် ကြားနေကြရသောစကားလုံးတစ်ခုပင် ဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်ထဲတွင်မူ PDF နှင့်ပတ်သက်၍ မည်သည့်အသံတစ်စွန်းတစ်စကိုမျှ မကြားခဲ့ကြရချေ။ PDF နှင့်ပတ်သက်၍ ကိုစိန်ချစ် ဆိုသူ ဖမ်းဆီးခံရခြင်းမှာ ရခိုင်အတွက် ဗွေဆော်ဦးသတင်းတစ်ပုဒ် ဖြစ်သွားခဲ့ရသည်။

သည်နောက်ပိုင်းတွင် မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ (မြို့ဟောင်းမြေ) ဆိုသူကို PDF ဆက်စပ်သံသယဖြင့် အောက်တိုဘာ-၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြန်သည်။ ဆက်လက်၍ ငပလီမြို့တွင်နေထိုင်သော ကိုရဲနိုင်ဦး၊ မတင်စန္ဒာဝင်း၊ ဒေါ်ငြိမ်းအေးသူကျော်နှင့် အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်းကျောင်းသူ မသိမ့်အေးသူ တို့ကိုလည်း PDF ဆက်စပ်သံသယဖြင့် ဖမ်းဆီးလိုက်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများက ဖော်ပြလာကြသည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်ထဲတွင် PDF ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံရသူ ခြောက်ဦးအထိရှိလာခဲ့ခြင်းမှာ အတော် အတန် အံ့သြစရာဟု ဆိုရမည်ပင် ဖြစ်သည်။ ရခိုင်ပြည်နယ်ထဲတွင် PDF များရှိနေခဲ့ပြီလား၊ သို့တည်းမဟုတ် ထိုသူများနှင့် ဆက်စပ်နေသူများ အမှန်တကယ် ရှိနေခဲ့ပြီလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရသည်။

စင်စစ် လက်ရှိရခိုင်ပြည်နယ်သည် မြန်မာ့နိုင်ငံရေး ရေစီးကြောင်းမှ အနည်းငယ်သွယ်ဖီကာ ရပ်တည်နေ သောပြည်နယ်တစ်ခုဟုဆိုနိုင်၏။ သည်ဖက်နှစ်ကာလများအတွင်း ရခိုင်ပြည်နယ်၏အခြေအနေနှင့် ရင်ဆိုင်ကြုံ တွေ့ခဲ့ရသောအဖြစ်အပျက်အတော်များများသည် မြန်မာနိုင်ငံ၏ အခြေအနေများနှင့် တူညီမှုမရှိဘဲ ကွာဟနေခဲ့သည်ကို တွေ့မြင်နိုင်သည်။

ရခိုင်ပြည်နယ်သည် NLD အစိုးရလက်ထက် ၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၀ စသော ခုနှစ်များအတွင်း၌ စစ်မက်ရေးရာများဖြင့် ပွက်ပွက်ဆူညံနေခဲ့သောပြည်တစ်ခုဖြစ်ခဲ့သည်။ ပြည်နယ်ဧရိယာ၏ လေးပုံသုံးပုံခန့်အတွင်း ၌ ရက္ခိုင်တပ်တော်(AA) နှင့် မြန်မာ့စစ်တပ်တို့၏တိုက်ပွဲများဆူပွက်နေခဲ့သည်။ တိုက်ပွဲ၏ အနိဌာရုံများကို မမြင်ချင်မှအဆုံး မြင်တွေ့ခဲ့ကြရသည်။

တိုက်ပွဲများအတွင်း နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူများ၊ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရမှုများနှင့် သေကြေပျက်စီးမှုများနေ့စဉ်နှင့်အမျှ ရှိနေခဲ့သည်။ တိုက်ပွဲကြောင့် ကျောင်းမတက်နိုင်ခဲ့သော ကျောင်းသူ ကျောင်းသားနှင့် ဆရာ ဆရာမများရှိခဲ့ကြသကဲ့သို့ လုပ်ငန်းခွင် မဝင်ရောက်နိုင်ခဲ့သူ အ များအပြားလည်း ရှိခဲ့သည်။

တောင်သူလယ်သမားများ လယ်ယာ ကိုင်းကျွန်းကို စွန့်လွှတ်ခဲ့ကြရသကဲ့သို့ တံငါသည်များကမြစ်ချောင်းကိုကျောခိုင်းခဲ့ကြရသည်။ ဘာသာရေးပွဲတော်နေ့ရက်များဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် သင်္ကြန်ပွဲတော်များကိုပင် ကျင်းပဆင်နွဲခွင့်နှင့် လွဲချော်ခဲ့ကြရသည်။ သို့သော် ရခိုင်ပြည်နယ် ကြုံတွေ့နေခဲ့ရသော အခြေအနေများနှင့် ဆန့်ကျင်စွာပင် မြန်မာနိုင်ငံအနှံ့အပြား၌ ငြိမ်းချမ်းတည်ငြိမ်နေခဲ့ သည်ကို မြင်တွေ့ရသည်။

NLD အစိုးရမှ ဦးဆောင်ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရခိုင်ပြည်နယ်၏ အခြေအနေသည် အလှည့်အပြောင်းတစ်ခုဆီသို့ ချက်ချင်းဦးတည်သွားခဲ့သည်ကိုမြင်တွေ့ရ၏။ ရက္ခိုင်တပ်တော် (AA) ကို အမြစ်ပြတ် စစ်ဆင်ရေးဆင်နွှဲနေခဲ့သော မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှ စစ်မီးစစ်လျှံများလည်း ချုပ်ငြိမ်းသွားခဲ့ရသည်။ ရခိုင်ပြည်နယ်တွင်းတိုက်ပွဲများ ရုတ်ချည်း ရပ်တန့်သွားရခြင်းမှာ အံ့သြစရာကောင်းလှသည်ကတော့ အမှန်ပင်ဖြစ်၏။

ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများရုတ်ချည်းရပ်တန့်ကာ သွားရခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း၌ စစ်ပွဲအကြောင်းပြချက်ဖြင့် ချန်လှပ်ခံခဲ့ရသောနယ်မြေများကို ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ရည်ရွယ်ချက် ဟု မြန်မာစစ်တပ်ရော ရက္ခိုင်တပ်တော်(AA) တို့ကပါ ဆိုကြသည်။

သို့သော် မြန်မာစစ်တပ်၏ မဟာဗျူဟာလိုအပ်ချက်အရ နိုင်ငံရေးနှင့် စစ်ရေးတို့ကို ဟန်ချက်ညီညီကစားနိုင်ရန် လှည့်ကွက်တစ်ခုဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထင်ကြေးပေးခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများ ငြိမ်သက် သွားခဲ့ပြီးနောက် သုံးလခန့်မျှအကြာ ၂၀၂၁၊ ဖေဖော်ဝါရီ-၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် နိုင်ငံတော်အာ ဏာကို သိမ်းယူခဲ့သည်။

စစ်တပ်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဆူပူ အုံကြွမှုများ ရှိခဲ့ကြသော်လည်း ရခိုင်ပြည်နယ်၏အခြေအနေမှာ တစ်နိုင်ငံလုံးနှင့် ကွဲပြားစွာပင် အေးဆေးငြိမ်သက်နေခဲ့သည်။ ပြည်မဖက်တွင် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြသူများက PDF ( Peoples Defense Force = ပြည်သူ့ကာကွယ်ရေးတပ်) ဆိုသော အဖွဲ့များကို ဖွဲ့စည်းကြောင်း သတင်းများကို တွေ့ရှိလာခဲ့ရသည်။ မြန်မာ ပြည်တွင်းမှ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်နယ်မြေဒေသတချို့တွင် PDF များကို သင်တန်းပေးသည်ဆိုသော သတင်းများလည်း လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာခဲ့သည်။

စစ်အာဏာသိမ်းမှုအပြီးတွင် ဖြစ်ပေါ်လာခဲ့သော CDM လှုပ်ရှားမှုများ၊ လမ်းပေါ်ထွက်ဆန္ဒပြမှုများနှင့် PDF ဖွဲ့စည်းမှုများကဲ့သို့သော ကိစ္စရပ်များကို ရခိုင်ပြည်နယ်ထဲတွင် ပြောပလောက်သည်အထိ မတွေ့ရှိခဲ့ချေ။ သို့သော် ထူးထူးခြားခြားအဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က သံတွဲမြို့တွင် PDF ဖွဲ့စည်းလိုက်ကြောင်း ကြေငြာချက်တစ်စောင် လူမှုကွန်ရက်စာမျက်နှာထက်၌ ပျံ့နှံ့ခဲ့သည်ကိုတွေ့ရ၏။ ထိုသို့ သံတွဲ၌ TPDF ဖွဲ့ စည်းလိုက်ကြောင်းကြေငြာချက်နှင့် မရှေးမနှောင်း၌ပင် ဒွါရာဝတီမျိုးချစ်လူငယ်များအဖွဲ့ဆိုသောအဖွဲ့ကလည်း သံတွဲ TPDF ကို လုံးဝလက်မခံကြောင်းနှင့် ရခိုင်ပြည်နယ်ထဲတွင် ရက္ခိုင်တပ်တော်(AA) ရှိနေပြီးဖြစ်သဖြင့် မည် သည့် အဖွဲ့ကိုမျှ ထပ်မံမလိုအပ်တော့ကြောင်း ကြေငြာထုတ်ပြန်လာခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတော်အာဏာကို စစ်တပ်မှသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ပြောင်းလဲ မှုများနှင့်ပတ်သက်၍လေ့လာကြည့်မည်ဆိုပါက ထူးခြားသော ပြောင်းလဲမှုတချို့ကို တွေ့မြင်နိုင်သည်။ အာဏာ သိမ်းပြီးနောက်တွင်ဖြစ်ပေါ်လာခဲ့သော CRPH ခေါ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် NUG တို့က AA ကို ၄င်းတို့နှင့်ပူးပေါင်းရပ်တည်ပေးရန် ကမ်းလှမ်းမှုရှိခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရေးသားမှုကို သတင်းများ က ပြန်လည် ဖော်ပြခဲ့ကြသည်။ CRPH နှင့် NUG တို့၏ကမ်းလှမ်းချက်အပေါ် ရက္ခိုင်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြန်လည် တုန့်ပြန်မှုမှာ အတော်ပင် ပြတ်သားသည်ကို တွေ့ရ၏။

AA သည် ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် သွားနေခြင်းဖြစ်သဖြင့် CRPH နှင့် NUG တို့၏လမ်းစဉ်ထဲတွင် မပါဝင်နိုင်ကြောင်း တုန့်ပြန်ခဲ့သည်ကို တွေ့ရ၏။ ထို့အပြင် CDM နှင့်ပတ်သက်၍လည်း ဗိုလ်ချုပ် ထွန်းမြတ် နိုင်က CDM ပြုလုပ်သည်ကို သဘောမကျကြောင်း အတိအလင်း ပြောကြားထားသည်ကို တွေ့ရ၏။ ရခိုင်ပြည် သူများ၏ယုံကြည်ထောက်ခံမှုကိုရရှိထားသော ရက္ခိုင်တပ်တော် ဦးစီးချုပ်၏စကားသည် အတိုင်းအတာတစ်ခုအထိ သြဇာညောင်းခဲ့သည်ဟု ဆိုရမည်ထင်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ သဘောထားမှတ်ချက်ထွက်ပေါ်လာပြီး နောက် ရခိုင်ပြည်နယ်ထဲတွင် အာဏာသိမ်းခြင်းနှင့်ပတ်သက်၍ လှုပ်ရှားမှုတချို့ ချုပ်ငြိမ်းသွားသယောင်ရှိခဲ့ သည်။

မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း၌ နှစ်နှစ်ကျော်ဆင်နွှဲလာခဲ့သောစစ်ဆင်ရေးကို ရပ်တန့်လိုက်ပြီးနောက် သိပ်မကြာမီ တခြားသော ဒေသများကိုစစ်မျက်နှာ စတင်ဖွင့်လှစ်ခဲ့ရပြန်သည်။ နိုင်ငံရေးအရသော် လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ရခိုင်ပြည်နယ်၏ အခြေအနေကို ငြိမ်းချမ်းစွာ ဆက်လက် ထိန်းထားနိုင်ရန် လိုအပ်လာခဲ့သည်။ ထိုအတွက် ရခိုင်ပြည်နယ်အတွင်းမှ အင်အားကြီးနိုင်ငံရေးပါတီများနှင့် သြဇာရှိ လူပုဂ္ဂိုလ်များ၏ သဘော ​ ထားကို ပိုမို နားစွန့်လာခဲ့သယောင်ရှိသည်။

အထူးသဖြင့် AA ကို အကြမ်းဖက်အဖွဲ့အ စည်းအဖြစ် သတ်မှတ်ထားရာမှ ပယ်ဖျက်ပေးခဲ့ခြင်း၊ ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးသမားတချို့ကို ထောင်တွင်းမှပြန်လည်လွှတ်ပေးခဲ့ခြင်းတို့မှာ ရခိုင်ပြည်သူများအတွက် စိတ်သက်သာရာရရှိစေခဲ့သည်။

ထို့အပြင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်လိုက်ပြီးသည့်နောက် ရက္ခိုင်တပ်တော် (AA) နှင့်ဆက်စပ်သူများ၊ သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရ​ပြီး တရားရင်ဆိုင်နေကြရသူများကို အမှုရုတ်သိမ်းကာ ပြန်လည် လွှတ်ပေးခဲ့ခြင်းများက စစ်တပ်အပေါ်တင်းမာနေသော ပြည်သူများ၏ သဘောထားကို ပျော့ပြောင်းလာ စေခဲ့သယောင်ရှိ၏။

ရခိုင်အခြေစိုက်သတင်းဌာနများ၏ ဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၀၀ ကျော်အထိရှိခဲ့ပြီး ထိုအထဲမှတစ်ဝက်ခန့်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ပြီးကြောင်း သိရှိရသည်။

မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်အ တွင်းမှ အခြေအနေများကို ရေရှည်ထိန်းထားနိုင်ရန်အတွက် AA အပေါ်တွင် မချစ်သော်လည်း အောင့်ကာနမ်းရသောအခြေအနေဖြင့် ဆက်ဆံနေရသည်မှာ ပေါ်လွှင်လှသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်အာဏာ သိမ်းခြင်း နှင့်အတူ ရခိုင်ပြည်နယ်ထဲတွင် တမူထူးခြား ပြောင်းလဲလာခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

မြန်မာစစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံတော်စီမံခန့်ခွဲရေး အစိုးရအဖွဲ့ကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ခဲ့သည်ကို တွေ့ရသည်။ ရွေး/ကော် ပြန်လည်ဖွဲ့စည်းကာ မဲစာရင်းစိစစ်ရန်၊ Covid ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန်၊ ရောဂါကပ်ဘေး ကြောင့် ထိခိုက်သွားသော စီးပွားရေးလုပ်ငန်းများကို ပြန်လည်ကုစားရန်၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA သ ဘောတူညီချက်များနှင့်အညီ လုပ်ဆောင်သွားရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ အရေးပေါ်ကာလ ပြဌာန်းချက်များနှင့် ဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြန်လုပ်ရန်နှင့် အာဏာပြန်လွှဲရန် တို့ ဖြစ်သည်။

ထိုမူဝါဒ(၅) ရပ်နှင့်ပတ်သက်၍ စစ်တပ်၏ လုပ်ဆောင်ချက်များမှာ ရခိုင်ပြည်နယ်အတွက် အတော်အတန် ခရီးပေါက်သည်ဟု ဆိုရမည်ပင် ဖြစ်သည်။ အထူးသဖြင့် လတ်တလောအသေအပျောက်များပြားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအရှိန်အဟုန်မြှင့်တင်ရာတွင် ထိရောက်မှုရှိခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ရန်သူ မိတ်ဆွေ မခွဲခြားကြောင်းကို

သိသာထင်ရှားစေရန် အတွက် ရက္ခိုင်တပ် တော်(AA) ကို ဆေးထိုးနှံပေးမည်ဟု သတင်းပါးထားသည်ကိုလည်း တွေ့ရ၏။

ဖြစ်လာမည်၊ မဖြစ်လာမည်ကို ခန့်မှန်းရန်ခက်ခဲသော်လည်း ထိုသတင်းစကားသည် စစ်တပ်ကို မျက်နှာပန်းလှစေခဲ့သည်မှာအမှန်ပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ လက်ရှိရခိုင်ပြည်နယ်သည် မြန်မာပြည်အနှံ့နှင့် မတူကွဲပြားစွာ ရပ်တည်နေသည်ကို တွေ့ရ၏။ ငြိမ်းချမ်းနေသောအချိန်အတိုင်းအတာတစ်ခုကို ဖန်တီးထားနိုင်သည်ကို တွေ့ရ၏။ ရခိုင်ပြည်သူများ ဖက်မှကြည့်လျှင် စစ်ဘေးစစ်ဒဏ်ကို နှစ်နှင့်ချီကာ အလှူးအလှဲခံခဲ့ကြရသဖြင့် ဆူပူပြေးလွှားနေကြရမည့်အခြေ အနေမျိုးကို နောက်ထပ် မကြုံတွေ့လိုတော့ချေ။

သို့သော် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ယခုအတိုင်းသာ ဆက်လက်တည်မြဲနေလိမ့်မည်ဟု အတတ်ပြောနိုင်ရန် ခက်ခဲသော အခြေအနေပင်ဖြစ်သည်။ ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် မဖြစ်ပွားလာနိုင်ဟု မည်သူကမျှ အာမ မခံနိုင်သေးချေ။ လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ထဲတွင် တပ်ဖွဲ့လိုက်သွားလာလှုပ်ရှားမှုများရှိနေသဖြင့် နှစ်ဖက်ထိုက်တိုက်ရင်ဆိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြ၏။ မကြာသေးမီရက်ပိုင်းအတွင်းက AA ထိန်းချုပ်နယ်မြေအနီးသို့ရောက်ရှိလာသော စစ်တပ်နှင့် AA တို့ ထိပ်တိုက်တွေ့ဆုံကာ နှစ်ဖက်တင်းမာမှုများရှိခဲ့ကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများက ဖော်ပြသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ်အတွင်း၌လည်း မြန်မာစစ်တပ်နှင့် AA တို့ ရင်ဆိုင်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းဆိုသည်။ ဘူးသီးတောင်မြို့နယ်အတွင်း၌ ဖြစ်ပြားခဲ့သောတိုက်ပွဲကို စစ်တပ်ဖက်မှ ARSA နှင့် တိုက်ပွဲဖြစ်ပွားကြောင်းဖော်ပြသော်လည်း AA ဖက်ကမူ ၎င်းတို့နှင့်တိုက်ပွဲဖြစ်ပြားကြောင်းဆိုသည်။

မည်သို့ပင်ဖြစ်စေ ငြိမ်းချမ်းနေသော ရခိုင်ပြည်နယ်ထဲတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်မှာ အမှန်ပင် ဖြစ်သည်။

နှစ်နှင့်ချီကာ ကြုံတွေ့ခံစားလာခဲ့ရသော စစ်ဒဏ်နှင့် ရောဂါကပ်ဘေးဒဏ်ကို ပြန်လည်နာလန်ထရန် ကြိုးစားနေရဆဲအချိန်မျိုးတွင် ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုကို ထိုးဆွသောအပြုအမူများအား အဖက်ဖက်မှ ရှောင်ရှားသင့်ပါသည်။

ထို့အပြင် လောလောလတ်လတ် သတင်းများအရ ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်နေမှုများ အမှန်တကယ်ရှိနေခဲ့ပြီလားဆိုသည်ကလည်း စဉ်းစားစရာတစ်ခု ဖြစ်လာခဲ့ပြီဖြစ်၏။ ထိုအတိုင်းသာဆိုပါက ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်တည်နေသော တည်ငြိမ်မှုများ ပျက်ပြားလာတော့မည်လားဟု ပြည်သူများထံမှ အသံတချို့ ကြားလာနေရသည်။ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းနေမှုနှင့် လတ်တလောအခြေအနေများအပေါ် ရက္ခိုင်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့က မည်သို့ ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားကြမည်နည်း ဆိုသည်မှာ ရခိုင်ပြည်သူများ၏ ပစ္စက္ခ အတွေးပင် ဖြစ်ပါတော့သည်။

ရက္ခရေးသားသည်

https://www.facebook.com/westernnewsagency/posts/414822330324277

Leave a Reply

Your email address will not be published.