AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ကိုအောင်ဝင်းနိုင်မှာ ကျန်းမာရေးမကောင်းဖြစ်နေ

By Western News/ 2021 November 24

ပြီးခဲ့သည့် ဇွန်လအတွင်းက သံတွဲ-တောင်ကုတ် ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ကိုအောင်ဝင်းနိုင်မှာ ယခု မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားရင်ဆိုင်နေရပြီး လက်ရှိ ကျန်းမာရေးအခြေနေမကောင်းဖြစ်နေသည်ဟု မိသားစုဝင်များကပြောသည်။

“ရင်ဘတ်တွေ၊ ကျောတွေအောင့်တယ်ပြောတယ်။ ဖြစ်နေတာတော့နည်းနည်းကြာပြီ။ ခုပိုအောင့်လာတယ်ပြောတယ်။ တပ်ထဲမှာအဖမ်းခံထားရတုန်းက အရိုက်ခံထားရတာ အတွင်းနာသွားတယ်နဲ့တူတယ်။ ဆရာဝန်နဲ့လည်းမပြနိုင်ဘူး။ ဆရာဝန်နဲ့တစ်ခါပြဖို့အရေးလည်း မလွယ်ဘူး။ ခွင့်တွေကအဆင့်ဆင့်တောင်းရတာ အပြင်မှာနဲ့မတူဘူးလေ” ဟု ဇနီးဖြစ်သူ မတွယ်တာစိုးကပြောသည်။

လက်ရှိတွင် အမျိုးသားဖြစ်သူဖမ်းဆီးခံထားရမှုကြောင့် သားသမီးတစ်ဖက် စာရေးသောက်ရေးတစ်ဖက်ဖြစ်နေသောကြောင့် စားဝတ်နေရေး ခက်ခဲလျှက်ရှိသည်ဟု သူကဆက်ပြောသည်။

ကိုအောင်ဝင်းနိုင်အား စွဲဆိုထားသော မတရားအသင်းဆက်သွယ်မှုပုဒ်မတွင် လိုပြသက်သေ ၃ ဦးအားစစ်ဆေးပြီးဖြစ်ပြီး နောက်ထပ် ၂ ဦးစစ်ဆေးရန်ကျန်သေးသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေ သည့်ရှေ့နေ ဦးအောင်ကြည်နိုင် ကပြောသည်။

“မတရားအသင်းဆက်သွယ်မှုပုဒ်မအတွက်က လိုပြသက်သေ ၃ ယောက်စစ်ပြီးပြီ နောက်ထပ် ရဲနဲ့ စရဖကတစ်ယောက်ကို စစ်ဖို့ကျန်နေသေးတယ်။ အခုလာမယ့် ၁၂ လပိုင်း ၆ ရက်နေ့ရုံးချိန်းမှာတော့ မတရားအသင်းပုဒ်မအပြင် ပို့ကုန်သွင်းကုန်နဲ့စွဲထားတဲ့အမှုကိုလည်း စစ်မယ်” ဟုပြောသည်။

ကိုအောင်ဝင်းနိုင်မှာ AA နှင့်ဆက်စပ်မှုဖြင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) အပြင် လိုင်စင်မဲ့ကားစီးနင်းမှုဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းတရားစွဲဆိုခံထားရခြင်းဖြစ်သည်။

AA နှင့်ဆက်စပ်မှုရှိသည်ဟုဆိုခြင်းအပေါ် ရက္ခိုင့်တပ်တော် AA ဘက်မှ ဖမ်းဆီးခံကိုအောင်ဝင်းနိုင်မှာ ပရဟိတလုပ်ကိုင်နေသူတစ်ဦးဟုသိရှိရပြီး ၎င်းတို့နှင့်တစ်စုံတစ်ရာဆက်စပ်မှုမရှိဟု ပြောဆိုထားသည်။

ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံရစဉ်တွင် ၎င်းနှင့်အတူ တစ်ခြားလူငယ် ၆ ဦးလည်းပါပြီး ထိုလူငယ်များကို လက်ရှိအချိန်ထိစုံစမ်း၍ မသိရှိရသေးပေ။

https://www.facebook.com/westernnewsagency/posts/415517446921432

Leave a Reply

Your email address will not be published.