By Western News/ 2021 November 25
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့်တရားစွဲထားသည့် အမှုများတွင် အပြီးသတ်အမိန့်ချမှတ်သူများရှိနေသော်လည်း အမိန့်မချမှတ်ဘဲ ဆိုင်းငံ့ထားမှု ဥပဒေနှင့် မညီသလို အမှုသည်များအတွက် နစ်နာမှုတွေရှိသည်ဟု မိသားစုဝင်များကပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်တရားစွဲခံထားရသည့် အမှုများထဲတွင် လက္ကာကျေးရွာသားများ၏ အမှုတွင် အပြီးသတ်အမိန့်ချမှတ်ရမည်ဖြစ်သော်လည်း အမိန့်မချမှတ်ဘဲ ရုံးချိန်းအား အကြိမ်ကြိမ်ရွေ့ဆိုင်းထားသည်။ ယင်းအပြင် ကျောက်ဆိပ်ကျေးရွာသားများအမှုတွင်လည်း ကော်မရှင်နာမရောက်သေးဟုဆိုကာ ၆ လကျော်ခန့်အထိရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိဘဲ အကျဉ်းထောင်တွင် အချိန်ကြာမြင့်စွာရင်ဆိုင်နေရသည်။
လက္ကာကျေးရွာသားများအပြီးသတ်အမိန့်ချမည်ဟု ရုံးချိန်းခေါ်ယူပြီး အပြီးသတ်အမိန့်မချမှတ်ခြင်းက အမှုသည်များအတွက် နစ်နာမှုများရှိသလို မိသားစုဝင်များအတွက်လည်း သွားလာရေးခက်ခဲလာသည်ဟု လက္ကာကျေးရွာမှ အကြမ်းဖက်မှုဖြင့်တရားစွဲခံထားရသည့် ကိုခင်မောင်စိုး၏ ဇနီး ဒေါ်သိန်းမရီက Western News ကို ပြောသည်။
“ကျွန်မ တို့ရွာသားတွေကို အပြီးသတ်အမိန့်ချပြီး ရုံးချိန်းခေါ်လိုက်တော့ မိသားစုဝင်တွေမှာ ဖြစ်သလိုရောက်အောင်လာကြရတယ်။ ရုံးချိန်းရောက်တော့ အမိန့်မချဘဲနောက်ထပ်ချိန်းလိုက်တယ်။ အပြီးသတ်အမိန့်ချမယ့်ဟာကို အမိန့်မချတော့ အမှုသည်တွေအတွက်နစ်နာမှုတွေရှိတာပေါ့။ အမှုရင်ဆိုင်နေရတာလည်း ၃ နှစ်ကျော်လာပြီ။ ကျွန်မယောက်ကျား အပါအဝင် ဖမ်းခံထားရတဲ့သူတွေက AA မဟုတ်ပါဘူး၊ ရွာသားတွေပါ။ ကျွန်မတို့မှာလည်း ရုံးချိန်းတစ်ခေါက်လာဖို့ စရိတ်ကအစ ရွာကနေ နိုင်ငံခြားရောက်နေတဲ့သူတွေထောက်ပံ့လို့သာလာကြရတာ။ အိမ်ထောင်ဦးစီးကအခုလို တရားရင်ဆိုင်နေရတော့ မိသာစုစားဝတ်နေရေးအတွက်တော်တော်လည်းခက်ခဲမှုတွေရှိတယ်”ပြောသည်။
အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသူများအား ပြန်လည်လွှတ်ပေးသူများရှိသော်လည်း လက္ကာနှင့် ကျောက်ဆိပ်ရွာသားများအမှုလို လူသိများသည့်အမှုမှသူများပါဝင်ခြင်းမရှိသေးပါ။
ယခုကဲ့သို့ နှစ်ရှည်လကြာ အမိန့်တစ်စုံတစ်ရာအမိန့်မချမှတ်ဘဲ ချုပ်နှောင်းထားခြင်းက အကျဉ်းသားအခွင့်ရေးချိုးဖောက်ရာကျသည်ဟု ရခိုင်လူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက Western News ကိုပြောသည်။
“အခုအကြမ်းဖက်မှုဖြင့်တရားစွဲထားသူတွေကို AA ကိုအကြမ်းအဖွဲ့မှ ရုပ်သိမ်းကတည်းက ပြန်လွှတ်ပေးရမှာဖြစ်တယ်။ သူတို့က အသုတ်လိုက်ပြန်လွှတ်လာတာတွေတော့ရှိတယ်။ အဆိုးရွားဆုံးခံနေရတာကတော့ လက္ကာရွာသားတွေပေါ့။ တရားရင်ဆိုင်နေရတာ ၃ နှစ်ကျော်ရှိလာပြီ။ အခုထိ ပြတ်သားတဲ့ အမိန့်တစ်ခု မချမှတ်နိုင်သေးဘူး။ ကျောက်ဆိပ်ရွာသားတွေအမှုဆိုရင်လည်း ဒီအတိုင်းပဲ။ ဒါက အကျဉ်းသားအခွင့်ရေးဆိုးဆိုးရွားရွားချိုးဖောက်ခံနေရတာဖြစ်တယ်။ အမှုစစ်တယ်ဆိုတာက အမှုလက်ကျန်သည် တစ်နှစ်ထက်မကျော်ရဘူး။ အခုက ၁ နှစ်မကဘူး ၃ နှစ်ကျော်လာတော့ ဥပဒေနှင့်ညီညွတ်မှုမရှိဘူး။ အကျဉ်းသားအခွင့်အရေးကိုချိုးဖောက်ရာကျတယ်”ဟုပြောသည်။
တရားရုံးချိန်းများတွင် ကော်မရှင်နာ မရောက်သောကြောင်း ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိခြင်းက အမှုသည်များအတွက် နစ်နာမှုရှိသည်ဟု ကျောက်ဆိမ်ကျေးရွာသားများအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Western News ကိုပြောသည်။
“ကျွန်တော်လိုက်နေတဲ့ ကျောက်ဆိပ်အမှုမှာဆိုရင် ကော်မရှင်နာစစ်ဆေးရမှာ။ ကြာလာရင်တော့ အမှုသည်တွေအတွက် ကြာရင် ကြာသလောက်နစ်နာတာပေါ့။ လာမည့်ရုံးချိန်းမှာတော့ အမှုစစ်ကိုစစ်ဆေးတော့မှာပါ” ဟုပြောသည်။
ရက္ခိုင့်တပ်တော်(AA) အား ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က အကြမ်းဖက်အဖွဲ့မှရုပ်သိမ်းပြီး နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့်တရားစွဲခံထားရသူများအား အသုတ်လိုက်လွှတ်ပေးမှုများရှိခဲ့သည်။
သို့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့အထိပြန်လည်လွှတ်ပေးသူ ၁၀၂ ဦးအထိရှိခဲ့ပြီး ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ကျန်ရှိနေသေးသည်ဟု စာရင်းကောက်ယူနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။
https://www.facebook.com/westernnewsagency/posts/416213980185112