AA နဲ့ စစ်တပ် အပစ်ရပ် ၁ နှစ်ပြည့်

By VOA/ 2021 November 12

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့တာ ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။

တနှစ်လုံးနီးပါး အပစ်ရပ်ထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းကတော့ မောင်တောမြောက်ဘက်ဒေသအတွင်းမှာ နှစ်ဘက်တပ်ဖွဲ့တွေကြား ပထမဆုံးအကြိမ်အဖြစ် အသေးစားပစ်ခတ်မှု ၂ ကြိမ်ပြန်ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုသတင်းမသိရပါဘူး။

နယ်မြေအတွင်းဝင်ရောက်လာတဲ့ ARSA ရိုဟင်ဂျာလက်နက်ကိုင်တွေကို မြန်မာစစ် တပ်ကသွားရောက်ရှင်းလင်းရင်း ဒေသခံ AA ရခိုင်တပ်တွေနဲ့နားလည်မှုလွဲမှား ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာဘက်ကပြောပါတယ်။ ဖြစ်ရပ်နဲ့ပတ်သက်ပြီး လောလောဆယ်၂ ဘက်ပြောဆိုဆွေးနွေးနေပြီလို့လည်း ဆိုပါတယ်။

မနှစ်ကရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဂျပန်နိုင်ငံငြိမ်းချမ်းရေး အထူးကိုယ်စားလယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yohei Sasakawa က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာပါ။ သူဟာ AA ရခိုင်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့လည်း နေပြည်တော်မှာသီးခြားစီ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေးတနှစ်မြောက်အဖြစ် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဂျပန်နိုင်ငံကေ ထာက်ပံ့မဲ့အကူအညီတွေ ကြေငြာပေးဖို့ မစ္စတာဆာဆာကာဝါ ဒီလနိုဝဘာ ၁၂ရက်နေ့က ရန်ကုန်မြို့ကိုပြန်လည်ရာက်ရှိလာပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေပြည်တော်ကိုသွားရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပါမယ်။ အထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်ရမှာမဟုတ်ပါဘူး။

မစ္စတာဆာဆာကာဝါဟာ ရခိုင်ပြည်နယ်စစ်တွေနဲ့ မောင်တောတဝိုက် IDP စခန်းတွေကိုသွားရောက်ကြည့်ရှုမှာဖြစ်ပြီး ဒေသခံရခိုင်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာပါ။

ဂျပန်နိုင်ငံကိုပြန်လည်မထွက်ခွါမီ နိုဝင်ဘာ ၁၆ ရက်နေ့ ရန်ကုန်မြို့မှာ SNLD ရှမ်းတိုင်းရင်းသားပါတီနဲ့ ပြည်သူ့ပါတီအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159537272920170

Leave a Reply

Your email address will not be published.