By Western News/ 2021 November 10

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တစ်နှစ်ကျော်ကြာ အပစ်အခတ်ရပ်တန့်နေသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ နိုဝင်ဘာလ ၉ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၉ ရက် နေ့လည် ၁၁ နာရီခန့်တွင် ရေနောက်ငါးသားကျေးရွာအနီးတွင်ရှိသည့် AA ထိန်းချုပ်နယ်မြေအတွင်းသို့ မြန်မာစစ်တပ်ဖက်က ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်တပ်ဖက်က အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ခိုင်လုံသည့် သတင်းရစ်မြစ်က Western News ကို အတည်ပြုပြောဆိုသည်။
“စစ်တပ်ဖက်က မနေ့က AA ထိန်းချုပ်နယ်မြေထဲကိုဝင်လာတယ်။ ဝင်လာတော့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ သူတို့ ပြန်ဆုပ်သွားတယ်။ ဗျူဟာစခန်းနေပြီးတော့ လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်။ လောင်ချာတွေနဲ့ပစ်တယ်။ ပြီးတော့ နောက်ထပ်တခေါက် ဝင်ရောက်ဖို့ကြိုးစားတယ်။ ပြီးတော့ ပြန်ဆုပ်သွားတယ်။ စစ်တပ်ဖက်က ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေရှိတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး”ဟု ခိုင်လုံသည့် သတင်းရစ်မြစ်က ပြောသည်။
အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်ဖက်က မည်မျှအရေအတွက်ကျဆုံးခဲ့သည် မသိရသလို ရက္ခိုင့်တပ်တပ်တော် AA ဘက်က မည်မျှကျဆုံးသည်ဆိုသည်ကိုလည်း နှစ်ဖက်အဖွဲ့အစည်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
မောင်တောမြို့နယ် နန်းရာကိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းကလည်း ယမန့်နေ့က တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သော်လည်း သူ့အနေဖြင့် အသေးစိတ်မသိကြောင်းပြောသည်။
“ကျနော်တို့က လက်နက်ကြီးသံတွေတို့ကြားတယ်။ တမန်းသားနဲ့ ရေနောက်ငါးသားကျေးရွာကြားကပေါ့။ အဲဒီမှာတိုက်ပွဲဖြစ်တယ်။ ကျနော်တို့ကတော့ အသေးစိတ်မသိဘူး”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂ နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခဲ့ကြသည့် စစ်တပ်နှင့် AA တို့သည့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်ခင်က ရုတ်တရက်ဆိုသလို တိုက်ပွဲများရပ်တန့်ခဲ့ဲပြီးနောက် အပစ်အခတ်ရပ်စဲမှု ၁ နှစ်ပြည့်ပြီး ရက်ပိုင်းအလွန်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/406622571144253